ဆိပ်ဖြူ ဇွန် ၂
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားရာမှ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်ကို ဇွန် လ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ တွင်ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း ချက်များနှင့် အညီ ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
ကျောင်းများစတင်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များအတိုင်း ဆရာ/မများက ကျောင်းဝင်ပေါက်ဝများတွင် အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)နှင့် Face Shield များ တပ်ဆင် စေခြင်း၊လက်ဆေးစေခြင်းများ ပြုလုပ်ပြီး အတန်းလိုက် ဝင်ရောက်စေကာ၊ စာသင်ချိန်အခန်းများခွဲ၍ သတ်မှတ် ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၃၉)ကျောင်းတွင် အထက်တန်းကျောင်း (၃၅)ကျောင်း၊ အလယ်တန်းကျောင်း (၄၁)ကျောင်းနှင့်မူလတန်းကျောင်း (၆၃)ကျောင်း၌ ယခင် ပညာသင်နှစ် စာသင်ကြား သည့်ကျောင်း သား/သူပေါင်း(၂၃၅၆၀)ဦးရှိရာ ဇွန်လ၁ရက်နေ့အထိ စာသင်ကြားမည့် ကျောင်းသား/ သူပေါင်း(၅၆၃၃)ဦး ကျောင်း အပ်နှံပြီးဖြစ်ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လာရောက်သည့် ကျောင်းသား/သူများ အား ကျောင်းသုံး ပစ္စည်း (၆)မျိုးဖြစ်သည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ နှာခေါင်းစည်း (Mask)နှင့် FaceShieldများကို (အခမဲ့) ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။
ကိုမျိုး (ယောဧရာ)