ပိုင်ကျုံ ဇွန် ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ပရဟိတအဖွဲ့တစ်ခုဖြစ်သော အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်လျက်ရှိသည့် ပိုင်ကျုံ-မိုးနိုင်းချောင်းကူးတံတားကြီးအား ဒီဇင်ဘာလ(၁၉)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် (၉၅)ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JIP) အနေဖြင့် မြန်မာနိုင်ငံအတွင်း မြို့ပြနှင့် ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရေးနှင့် လူနေမှုဘဝ မြင့်မား ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တံတားကြီးတည်ဆောက်ခြင်းလုပ်ငန်းကို (JIP) အဖွဲ့အစည်း တာဝန်ခံ ဦးစိန်သောင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် တည်ဆောက်လျက်ရှိရာ တံတားမှာ အရှည်
(၅၃၀)ပေနှင့် အကျယ်(၁၅)ပေရှိပြီး တံတားခံနိုင်ဝန်မှာ တန်(၂၀)ရှိကြောင်း သိရသည်။
အဆိုပါတံတားကြီးအား ပြီးစီးပါက ပိုင်ကျုံမြို့နယ်အတွင်းရှိ တာလယ်၊ ဝင်းစော၊ သမို၊ မိကြောင်၊ မိုးနိုင်းကျေးရွာအုပ်စုများမှ ကျေးရွာပေါင်း(၅၁)ရွာအတွင်းရှိ လူဦးရေ(၂၁၄၄၁)ဦးတို့၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူလာမည် ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)