မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အခြေခံပညာကျောင်းများဖွင့်လှစ်မှု လှည့်လည်ကြည့်ရှုအားပေး

မိုင်းယောင်း   ဇွန်   ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယနေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့်အတူ အ.ထ.က(မိုင်းယောင်း)၊ အ.မ.က(၅)၊ အ.မ.က(၇)၊ အ.မ.က(၂)၊ အ.မ.က(ယမ်းခမ်း)ကျောင်းနှင့် အ.မ.က(မိုင်းဟန်) ကျောင်းများသို့ သွားရောက်ကာ သင်ကြားသင်ယူနေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံတော်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား Face Shield နှင့် Mask များ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများကို အခမဲ့ဖြန့်ဝေကာ မြို့နယ်အတွင်းရှိ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်လျက်ရှိကြပြီး ဆရာ၊ ဆရာမများကလည်း ကျောင်းသင်ခန်းစာများကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း (ပြန်/ဆက်)