သာယာဝတီ ဇွန် ၂ ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း၌ စာဖြေဌာနအသီးသီးတွင် ဇွန်လ(၁)ရက်မှ စတင်ကျင်းပလျက်ရှိရာ ယနေ့ ဒုတိယမြောက်နေ့ အဖြစ် သာယာဝတီစာဖြေဌာနကို ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်တွင် ကျင်းပလျက်ရှိသည်။ အစိုးရဓမ္မာစရိယစာမေးပွဲကို သာယာဝတီစာဖြေဌာနတွင် သံဃာတော် (၂၂၈)ပါးနှင့် သီလရှင် (၄၁)ပါး ဝင်ရောက် ဖြေဆိုလျက်ရှိကြရာ စာမေးပွဲကို ဩဝါဒစရိယဆရာတော်(၉)ပါး၊ အထူးကြီးကြပ်ရေး ဆရာတော်(၅)ပါးနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့တွင် ဆရာတော်(၅)ပါးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြသည်။ အစိုးရဓမ္မာစရိယစာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲကို ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းဖြစ်သည့် ပါရာဇိက ကဏ္ဍပါဠိအဌကထာ၊ သီလက္ခန္ဓဝဂ္ဂ ပါဠိအဌကထာ၊ ဓမ္မသင်္ဂဏီပါဠိအဌကထာကို ဇွန်လ(၁)ရက်မှ(၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာဂုဏ်ထူး(၇)ကျမ်းနှင့် ပါဠိဂုဏ်ထူး(၃)ကျမ်းကို ဇွန်လ(၇)ရက်မှ(၁၃)ရက် နေ့ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့မှ သိရသည်။ ထို့အတူ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၇)ရက်မှ(၁၃)ရက်အထိ နေ့စဥ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိကျင်းပသွားမည်ဖြစ်ပြီး အခြေပြုမူလ တန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း စာမေးပွဲများကို နေ့ရက်အလိုက် ဘာသာရပ် စာမေးပွဲ များ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သန့်ဇော် (ခရိုင်ပြန်/ဆက် )