ကျောက်မဲ ဇွန် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ မြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ဒုတိယသုံးလပတ် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းတွင် အမှတ် (၁) ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးဝင်းကြိုင်မြင့်နှင့် တာဝန်ရှိသူများက ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ် ၁ ရပ်ကွက်အတွင်း၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၅၅ ဦးရှိပြီး ၎င်းတို့အား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လတို့အတွက် အမျိုးသားလူမှုရေးပင်စင် တစ်လလျှင် ငွေကျပ် ၁၀၀၀၀- နှုန်းဖြင့် ငွေကျပ် ၃၀၀၀၀- စီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲ မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပေါင်း ၅၄၆ ဦးရှိပြီး အဆိုပါဘိုးဘွားအတွက် အမျိုးသားလူမှုရေးပင်စင်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့မှ တစ်ဆင့် ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)