ငဖဲမြို့နယ် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) တွင် ကော်ဖီနှင့်အခြားအရိပ်ရ ပျိုးပင် ပေါင်း (၇၅၀၀၀) ကျော်ပျိုးထောင်ထားရှိ

ငဖဲ ဇွန် ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ကော်ဖီရာသီ သီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) သည် တောင်ပေါ်ဒေသ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ၂၀၂၁ ခုနှစ်၊ မိုးရာသီ တွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ကော်ဖီခြံပျိုးဥယျာဉ်တွင် ကော်ဖီနှင့်အခြားအရိပ်ရ ပျိုးပင်ပေါင်း (၇၅၀၀၀) ကျော်ကို ပျိုးထောင် ထားရှိကြောင်း သိရသည်။

အဆိုပါပျိုးဥယျာဉ်တွင် ကော်ဖီပင်(၅၉၂၅၀)၊မျောက်ငိုပင် (၆၀၀၀)၊ မက္ကတေးမီးယားပင် (၄၀၀၀) နှင့် ထောပတ်ပင် (၆၀၀၀) စုစုပေါင်း (၇၅၂၅၀)ပင်ကို ပျိုးထောင်ထားရှိပြီး တောင်ပေါ် ဒေသ ကော်ဖီစိုက် တောင်သူများ မိုးအမီစိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းနှင့် ယခင်နှစ်ကထက်ပိုမို၍ ပျိုးထောင်ထားရှိကြောင်း ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်းထံမှ သိရသည်။

ငဖဲမြို့နယ် တောင်ပေါ်ဒေသ (နတ်ရေကန်) တွင် ၂၀၀၂ ခုနှစ်မှစတင်၍ အာရေဗီးကား ကော်ဖီမျိုးကို စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိစိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ဧက ၄၀ နှင့် ပုဂ္ဂလိက တောင်သူစိုက်ဧက ၁၀၀၁ ဧက စုစုပေါင်း ၁၀၄၁ ဧကစိုက်ပျိုးကြကြောင်း သိရှိရသည်။

မယု(ငဖဲ)