ကမော့ကပိုမျိုးသန့်ခြံ၌ ၂၀၂၁ခုနှစ် မိုးရာသီ ပြောင်းချိုစိုက်ပျိုးပွဲကျင်းပ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတက်ရောက်

ဘားအံ ဇွန် ၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စုရှိ တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသော ကမော့ကပိုမျိုးသန့်ခြံတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၁ ခုနှစ် မိုးရာသီပြောင်းချိုစိုက်ပျိုးပွဲကို ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကမော့ကပိုမျိုးသန့်ခြံတွင် Green House ဖြင့် စိုက်ပျိုးထားသည့် ပဲတိုင်ထောင်စိုက်ခင်း၊ စင်ဖြင့်စိုက်ပျိုးထားသည့် ရွှေဖရုံ(မြန်မာမျိုး)၊ ရွှေဖရုံ(ထိုင်းမျိုး)စိုက်ခင်း၊ ဗူး(ထိုင်းမျိုး)စိုက်ခင်း၊ ပြောင်းချိုစိုက်ခင်း၊ အိတ်ဖြင့်စိုက်ပျိုးထားသည့် ဂျင်း၊ နနွင်းစိုက်ခင်း၊ ကန်စွန်း၊ ချဉ်ပေါင်၊ နံနံ၊ မုန်လာစိုက်ခင်း၊ ပိုးစာ၊ ငရုတ် စိုက်ခင်းများကို ကြည့်ရှု့အားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးသန်းထိုက်က ကမော့ကပိုမျိုးသန့်ခြံအတွင်း တောင်သူနည်းပညာပေးနှင့် မျိုးစေ့ထုတ်အနေဖြင့် Green Houseဖြင့် စိုက်ပျိုးထားသည့်သီးနှံများ၊ Demonstration Farm ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ သီးနှံသစ်တောရောနှောစိုက်ခင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် မိုးရာသီပြောင်းချိုစိုက်ပျိုးပွဲကို ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသော ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြောင်းစိုက်တောင်သူများအား ပြောင်းချိုမျိုးစေ့များ ထောက်ပံ့ဖြန့်ဝေပေးခဲ့ပြီး တောင်သူများနှင့်အတူ ပြောင်းချိုမျိုးစေ့များကို တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရွေ့လျားသီးနှံကာကွယ်ရေးဌာနခွဲ၊ မျိုးစေ့ဌာနခွဲနှင့် မြေအသုံးချရေး ဌာနခွဲတို့မှ တောင်သူအသိပညာပေး ခင်းကျင်းပြသထားသော သဘာဝမြေဩဇာများ၊ မျိုးစေ့များနှင့် မြေဆီလွှာဓါတ်ခွဲ ကိရိယာများနှင့် မြေအမျိုးအစားတို့အား ကြည့်ရှု့အားပေးခဲ့ပြီး ပိုးမွေးမြူရေးလုပ်ငန်း၊ ပိုးကောင်ကြီး အဆင့်ပိုးမွေးရုံတွင် မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှု့အားပေးခဲ့ကြောင်းနှင့် ကမော့ကပို မျိုးသန့်ခြံသည် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အရည်အသွေးကောင်းသည့်သီးနှံများ အထွက်တိုးလာစေရန်၊ သဘာဝမြေဩဇာများနှင့် ဓါတ်မြေဩဇာများကို မှန်ကန်စွာထည့်သွင်း အသုံးပြုတက်လာစေရန်၊ ဘက်စုံပိုးမွှားကာကွယ်ရေးနည်းစနစ်ကို ထိရောက်စွာ အသုံးချတက်လာစေရန်၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ သီးနှံသစ်တောရောနှောစိုက်ခင်း ထူထောင်စိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေတိုးတက်ရရှိလာစေရန်၊ ဈေးကွက်ဝင်သီးနှံများအား စီးပွားဖြစ်စိုက်ခင်းများထူထောင်စိုက်ပျိုး လာနိုင်စေရန်၊ ပိုးမွေးမြူရေးလုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန် ရည်ရွယ်၍ ဒေသခံတောင်သူများ လက်တွေ့လိုက်နာစိုက်ပျိုးနိုင်ရန် အသိပညာပေးနည်းပညာများ ဖြန့်ဖြူးပေး လျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)