ဒေးဒရဲ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဌာနဆိုင်ရာများ အနေဖြင့် လုံခြုံရေး၊ မီးဘေးလုံခြုံရေး ကိစ္စများအား အထူးကရုပြု ဆောင်ရွက်ရေး၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မြို့၊ ရုံးဌာနများနှင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ မြို့တွင်းရေမြောင်းများတွင် ရေစီးရေလာ ကောင်းမွန်စေရေး၊ မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက် သွားကြရန်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုးက စာသင်ကျောင်းများ၊ ဈေးများနှင့် ရုံးဌာနများ လုံခြုံရေးအထူးကရုပြု ဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်များရှိက အချိန်နှင့် တပြေးညီ သတင်းပေးပို့ရန်နှင့် လုံခြုံရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ဌာနတစ်ခုချင်းအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)