အင်းစိန်မြို့နယ်၌ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီအသင်း (အင်းစိန်)မှ ကူညီ ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် ဇွန် ၂ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကြက်ခြေနီအသင်း(အင်းစိန်)မှ ပြည်သူများ၏ ကျန်းမာရေးကိစ္စများကို နေ့စဉ်(၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် တာဝန်ရှိသူ များကရှေးဦးပြုစုနည်းဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်းသိရသည်။ အင်းစိန်မြို့နယ်၌ ယမန်နေ့က ဖော့ကန်ရပ်ကွက်နေ အမျိုးသားတစ်ဦး ဆေးရုံရက်ချိန်းပြရန် အကူအညီတောင်းခံသဖြင့် နေအိမ်သို့ သွားရောက်၍ ခေါ်ဆောင်ကာ ဂန္နီဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ Taxi ယာဉ်မောင်း အမျိုးသားတစ်ဦး ဗိုက်အောင့်၍ ကားမမောင်းနိုင်သောကြောင့် ဆေးခန်းပြရန် အကူအညီတောင်းခံလာသဖြင့် နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ပေးခြင်းနှင့် ရွှေပြည်သာ စက်မှုဇုန်(၄) တွင် အမျိုးသားတစ်ဦး မှန်ကွဲရှ လူနာသည် အသင်းရုံးသို့ ရောက်ရှိလာသဖြင့် ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်) ဥက္ကဋ္ဌဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် ကြက်ခြေနီစေတနာ့ လုပ်အားရှင်များက (၂၄)နာရီလူနာတင်ယာဉ်ကား(၂)စီးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက် ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊မြန်မာ့စီးပွား ရေးဘဏ်တွင် ပင်စင် လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။ ဇွဲထက်ကို(ပြန်/ဆက်)