ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် နန်းတော်ရာတဲတိုက်သို့ ရေသိုလှောင်နိုင်အတွက် ရေဂါလံ ၅၀၀၀ ဆံ့ အုတ်ကန်လှူဒါန်း

ညောင်ဦး ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်ရှိ သောက်သုံးရေရှားပါးသည့် နန်းတော်ရာ တဲတိုက်သို့ သောက်သုံးရေထည့်သိုလှောင်ထားနိုင်ရန် Bagn Sense Hotel မိသားစုနှင့် ပြည့်စုံဟိန်း ကုမ္ပဏီများအုပ်စု(ရန်ကုန်)မြို့တို့မှ သောက်သုံးရေ ထည့်သိုလှောင်သုံးယူနိုင်သည့် ရေဂါလံ ၅၀၀၀ဆံ့ အုတ်ကန်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ဆောင်းဦးပေါက်ရာသီမှစတင်၍ သောက်သုံးရေအမြဲရှားပါးသည့် ကျေးရွာ အများအပြားရှိနေသေးပြီး ထန်းတောင်သူတဲတိုက်အများစုမှာ နှစ်စဉ် သောက်သုံးရေ ရှားပါး ခက်ခဲမှုများဖြင့် အမြဲကြုံတွေ့နေသောကြောင့် ညောင်ဦးမြို့ပေါ် ရေအလှူတော် ပရဟိတအသင်းများ၊ တစ်ဦးချင်းရေ အလှူရှင်များလှူဒါန်းသည့် သောက်သုံးရေကို မှီခိုအားထားနေရပြီး၊ မိုးရာသီအချိန် အိမ်တံစက်မြိတ် သွပ်ရေတလျှောက်များ တပ်ဆင်ပြီး စဉ့်အိုး၊ စည်ပိုင်းငယ်များ၊ အဆင်ပြေသည့် တောင်သူများက ရေလှောင် အုတ်ကန်ငယ်များဖြင့် တစ်နွေစာရေသိုလှောင် ထားကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ထန်းတောင်သူ တဲတိုက်အများစု စက်ရေတွင်းမရှိသေးကြောင်း၊ စက်ရေတွင်း အဝီစိတွင်းများရှိသည့် ကျေးရွာများ၊ တဲတိုက်များတွင်လည်း ထုံးဓာတ်များသည့် ရေဖြစ်နေခြင်းကြောင့် သောက်သုံး၊ ချက်ပြုတ်၍မရပဲ အလှူရှင်းများ လှူဒါန်းသည့် မြစ်ရေကိုသာ မှီခို အားထားနေရကြောင်း ဒေသခံများက ပြောကြားသည်။

ညောင်ဦးမြို့ပေါ် ပရဟိတရေအလှူတော်အသင်းမှ ရေကိုမှီခိုအားထားနေရပြီး ညောင်ဦးမြို့ အေးမေတ္တာ ရေအလှူတော်အသင်းမှပင် ကျေးရွာများ၊ တဲတိုက်များသို့ ရေဂါလံ တစ်သိန်းကျော် လှူဒါန်းပေးနိုင်ခဲ့ကြောင်း အေးမေတ္တာ ရေအလှူတော် အသင်းထံက သိရသည်။

ကိုထိန်၊KPD