ဒေးဒရဲမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ ဆောင်ရွက်

ဒေးဒရဲ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်ပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် မွေးကင်းစ ကလေးများအား BCGဆေး၊ တစ်နှစ်အောက် ကလေးများအား ဝမ်းပျက်ဝမ်းလျော ကာကွယ်ဆေး (ROTA)တိုက်ဆေး၊ ၅မျိုးစပ်(PENTAH)၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယို အကြောသေကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ၉ လနှင့် တစ်နှစ်ခွဲကလေးများအား ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ဇွန်လ(၁)ရက်နေ့မှ (၆)ရက်နေ့အထိ နံနက်(၈)နာရီမှ နေ့လည် ၁၂ နာရီအထိ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)