တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် ဟိန္ဒားသတ္တုတွင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဇွန် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဟိန္ဒားသတ္တုတွင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က မြန်မာပွန် ပီပက် ကုမ္ပဏီလီမိတက်သည် ဟိန္ဒားသတ္တုတွင်းတွင် အစဉ်အဆက်လုပ်လာသော ကုမ္ပဏီဖြစ်ပြီး နောက်ထပ် သက်တမ်းတိုးရန် ကြိုးစားနေသော ကုမ္ပဏီဖြစ်ကြောင်း၊ ၄င်းပေါ်တွင် မူတည်ပြီး သက်ဆိုင်ရာ ဌာနများတွင် သဘောထားမှတ်ချက်များ တောင်းထားကြောင်း၊ သဘောထားမှတ်ချက်များတွင် အားသာ ချက်၊ အားနည်းချက်များအပေါ် ညှိနှိုင်းပြီး လုပ်ငန်းများ လုပ်ဆောင်ရာအပိုင်းများတွင် ကြည့်နေကြရန် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာပွန်ပီပက်ကုမ္ပဏီလီမိတက်မှ အထွေထွေမန်နေဂျာဦးခိုင်ထွန်းက ဟိန္ဒားသတ္တုတွင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးရာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)