ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေးစီမံချက် (CERP)အရ မေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်

တကောင်း ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ကိုဗစ်-၁၉၏ စီပွားရေးအပေါ်ထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ ဖွင့်လှစ်သော မေထုန်မဲ့သားစပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး သပိတ်ကျင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာတင်၀င်းရွှေက သင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် တိရစ္ဆာန်မှ လူကိုကူးစက်စေတတ်သောရောဂါများ၊ ကာကွယ်ရန်နည်းလမ်းများနှင့် ကူးစက်ပုံအဆင့်ဆင့်ကို အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် နွားမျိုးကောင်း၊ မျိုးသန့်ရရှိစေခြင်း၊ နွားသိုးရှားပါးမှုကို ဖြေရှင်းနိုင်ခြင်း၊ သားလျှောရောဂါကာကွယ်နိုင်စေရန်နှင့် ပြာစိမ်း၊ ရွှေနီ၊ နို့စား၊ အသားတိုးနွားများအား မေထုန်မဲ့သားစပ်ခြင်းကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချလျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသား (၂၀) ဦးအား (၃) ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့တာ၀န်ခံ ဦးအောင်ထိုက်ထံမှ သိရသည်။

သီရိအောင် (တကောင်း)