မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၌ ကွန်ကရစ်အုတ်လုပ်ငန်း တွင်ကျယ်စွာအသုံးပြုလာ

တောင်သာ ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာများတွင် မြေအုတ်များအစား  ဘိလပ်မြေဖြင့် ထုတ်လုပ်ထားသည့်  လက်ရိုက်နှင့် စက်ရိုက် ကွန်ကရစ်အုတ် (ဗြုန်းအုတ်) များကို အသုံးပြုမှုများလာသဖြင့် ကွန်ကရစ်အုတ်ထုတ်လုပ်သည့်လုပ်ငန်းများလည်း များပြားလာကာ တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

မြေအုတ်များထုတ်လုပ်ရာတွင် အုတ်အတွက် မြေသားနှင့်အုတ်ဖုတ်ရန်အတွက် လောင်စာအဖြစ်ထင်းများကို အသုံးပြုရ၍  သဘာဝသယံဇာတ များ  ထိခိုက်ပျက်စီးသော်လည်း ကွန်ကရစ်အုတ်လုပ်ငန်းမှာ ဘိလပ်မြေနှင့်သဲကိုသာ အသုံးပြုပြီး မီးဖုတ်ရန်လည်းမလိုသဖြင့် သဘာဝသယံဇာတ များကို ပျက်စီးစေခြင်းမရှိကြောင်း ကွန်ကရစ်အုတ်ထုတ်လုပ်ရောင်းချသူထံမှ သိရသည်။

ထို့အပြင် ကွန်ကရစ်အုတ် လက်ရိုက်စျေးနှုန်းမှာလည်း  တစ်လုံးလျှင်ငွေကျပ် (၄၅) ကျပ်နှုန်းသာရှိ၍ မြေအုတ်ထက်ပို၍  သက်သာကြောင်း တောင်သာမြို့နယ်အတွင်း ကျေးလက်နှင့် မြို့ပြများ ဖွံ့ဖြိုးတိုးတက်နေသဖြင့်  အုတ်အသုံးပြုမှုများလာရာတွင်  ယခင်က   မြေအုတ်များအသုံးများ ခဲ့ရာမှ ယခုအခါကွန်ကရစ်အုတ်များကို တွင်ကျယ်စွာအသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင် (တောင်သာ)