ပွင့်ဖြူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း ဆောင်ရွက် လုပ်ကိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဒေသခံ ပြည်သူများ မွေးမြူထားရှိသော ကျွဲ၊ နွား၊ တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ကင်းဝေးစေရန် ကြိုတင် ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဒေသခံပြည်သူများ မွေးမြူထားရှိသော ကျွဲ၊ နွား တိရစ္ဆာန်များကို ကာကွယ်ဆေး ကွင်းဆင်းထိုးနှံ ပေးရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကျေးရွာရှိ အခြေခံတိရစ္ဆာန် ကျန်းမာရေး လုပ်သားများနှင့် ပူးပေါင်းကာ အဖွဲ့များခွဲ၍ ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာ၊ ကုလားကုန်းကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာ၊ ကုန်းဇောင်းကျေးရွာ၊ ရွာခိုင်ကျေးရွာ၊ ကန်ပြည့်ကျေးရွာ၊ သာဂရကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ မဲဇလီကျေးရွာ၊ မဒဲကျေးရွာ၊ ကနီကျေးရွာ၊ ရွှေဘိုရွာမကျေးရွာ၊ ရွှေဘိုရွာ သစ်ကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ သနဝကျေးရွာ၊ မင်းဇံကျေးရွာ၊ မင်းမြေကျေးရွာ၊ ကျောင်းတော်ရာ ကျေးရွာ၊ ဇီးတောကျေးရွာ၊ ဇီးကိုင်းကျေးရွာ၊ ဝဲဒေါင့်ကျေးရွာ၊ သစ်တော်ကျေးရွာနှင့် ညောင်ခြုံကျေးရွာ များသို့ ကွင်းဆင်းသွားရောက်ပြီး ကျွဲနွားတိရစ္ဆာန်များကို ကျန်းမာရေးအခြေအနေစစ်ဆေးကာ ကူးစက်ရောဂါအန္တရာယ် ကင်းဝေးစေရေး ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေး ၁၈၀၀ ကောင်၊ လည်ချောင်းကွဲရောဂါကာကွယ်ဆေး ၃၀၀ ကောင်၊ ဒေါင့်သန်းရောဂါကာကွယ်ဆေး ၆၀၀ ကောင်၊ စုစုပေါင်း ကျွဲနွားတိရစ္ဆာန်ကောင်ရေ ၂၇၀၀ အား တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ယခုအချိန်က မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူတွေ သီးနှံစိုက်ပျိုးရာသီဖြစ်တဲ့အတွက် ကျွဲ၊ နွား တိရစ္ဆာန်တွေ ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ကြိုတင်ပြီးတော့ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ လည်ချောင်းကွဲရောဂါနဲ့ ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် ယခုလို ကျွဲနွားတိရစ္ဆာန် ကာကွယ် ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းအပြင် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကောင်းမွန် သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်များနှင့်အညီ ဒေသခံပြည်သူတွေ စနစ်တကျ မွေးမြူတတ်စေဖို့ အတွက်ကိုလည်း အခါအားလျော်စွာ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ အသိပညာပေး ဆွေးနွေးခြင်းနှင့် တိရစ္ဆာန်အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဆက်လက်ပြီးတော့ ကျန်ရှိတဲ့ သိုး၊ ဆိတ်၊ ကြက်၊ ဝက် စတဲ့ တိရစ္ဆာန်များကိုလည်း ကူးစက်ရောဂါကင်းဝေးစေရေး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားအုံးမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)