တံတားဦး ဇွန် ၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး ဆွေးနွေးပွဲ ( Talk Show ) ကျင်းပကြောင်း သိရသည် ။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က လူတိုင်းလူတိုင်း အရွယ်ရောက်လာလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သင့်ပါကြောင်း ၊ ပြုလုပ်ရန် လည်း လိုအပ်ပါကြောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားသည် လူတိုင်းအတွက် အရေးကြီးပါကြောင်းနှင့် ဆွေးနွေးပွဲ ( Talk Show ) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည် ။
ဆက်လက်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ လဝကမှူး ဦးနေဝင်းက ပန်းခင်းစီမံချက်အကြောင်း ဆွေးနွေးရာတွင် ရပ်ကွက်နှင့်ကျေးရွာများမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း ၊ လက်ရှိဇာတိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသူများဆောင်ရွက်ပေးခြင်း ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအားဆောင်ရွက်ပေးခြင်းနှင့် ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားလည်းမရှိ၊ လက်ရှိနေထိုင်ရာဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားလည်းမရှိသူများအားဆောင်ရွက်ပေးခြင်း ဒါ့အပြင် တံတားဦးမြို့နယ် အနေဖြင့် အသက်(၁၆)နှစ် နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ( ၉၃၁၄ )ဦးအား ဥပဒေနှင့် အညီ ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ရာ ရပ်ကွက် ၊ ကျေးရွာများ အရောက်ကွင်းဆင်းပြီး ပန်းခင်းစီမံချက်ကို ( ၁၈ ) လကြာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)