သီပေါ ဇွန် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၉)နာရီခွဲက စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သော ပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုများအား အမှန်တကယ်နေထိုင်ပြီး လက်ရှိအိမ်ထောင်စုလူဦးရေ စာရင်းရှိ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများကို (၁၀နှစ်ပြည့်/ ၁၈နှစ်ပြည့်) ပြုလုပ်ပေးခြင်း၊ ၁၈နှစ်ပြည့်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီး၍ မိတ္တူထုတ်ပေးခြင်း စသည်တို့ကို ပန်းခင်းစီမံချက်ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခြင်းကို မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအား ဆောင်ရွက် ပေးပြီးနောက် မြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး