မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကျေးရွာလိုအပ်ချက်များအား ကူညီပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း    ဇွန်   

 

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်အတွင်း သွားလာရခက်ခဲသော တောင်ပေါ် တိုင်းရင်းသားကျေးရွာများ၏ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယနေ့ နေ့လည်ပိုင်းက ပါဟုတ် ကျေးရွာအုပ်စု၊ လွယ်ဝမ်ကောင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူက ကျေးရွာ၏ လိုအပ်ချက်များ၊ အခက်အခဲများကို သိရှိနိုင်ရန်နှင့် ကူညီဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စားသုံးဆီ၊ ဓာတ်ဆားထုပ်၊ ခေါက်ဆွဲခြောက်၊ ဆား၊ ဟင်းချိုမှုန့်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ နှာခေါင်းစည်းများ စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သုံးပစ္စည်း များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ဝမ်းလျှော၊ဝမ်းပျက်ရောဂါ ကြိုတင်ကာကွယ်ရေး သန့်ရှင်းသောရေလုံအိမ်သာဆောက်လုပ်နိုင်ရန်အတွက် အိမ်သာခွက်များ၊ ပိုက်လုံးများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လဝကမှူး ဦးပွားမောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ခိုင်နှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် သံဃာတော်များအား ဖူးမြော်လှူဒါန်းပြီး ကျေးရွာအတွင်းရှိ သက်ကြီး ဘိုးဘွားများကို ထောက်ပံ့ငွေပေးအပ်ကာ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစ ကလေး အမေများ၊ ကလေးသူငယ်များအား အာဟာရဖြည့်မုန့်များ၊ အာဟာရဖြည့်နို့ဗူးများ ပေးဝေ ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း