ကျောက်ဆည် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး၊ ဒေသလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အရှေ့ငယ်တိုး-ရွှေဒါး-ရဲဘော်လေး-ရဲဘော်ကြီး-သပြေဝန်း ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ပေးလျက် ရှိကြောင်း သိရသည်။
ကတ္တရာလမ်း အဆင့်မြှင့်တင်ရာတွင် ယခင်ကဂျင်းကျောက်မြေသားလမ်းဖြစ်ရာ နှစ်ကာလကြာမြင့် လာသောကြောင့် အောက်ခံကျောက်သားများပေါ်လာပြီး သွားလာရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်လျက်ရှိရာ ဘဏ္ဍာနှစ်အလိုက် ကတ္တရာလမ်းအဖြစ် အပိုင်းလိုက် အဆင့်မြှင့်တင် ပေးလျက်ရှိသောကြောင့် ယခုဘဏ္ဍာနှစ်တွင် ထု(၁၅)လက်မ၊ အကျယ်(၁၂)ပေ၊ အရှည်(၁)မိုင်ကို ခွင့်ပြုရန်ပုံငွေကျပ်ာ (၁၃၂.၅၆၀)သန်းဖြင့် မောက္ခကုမ္ပဏီက တာဝန်ယူဆောက်ရွက်ပြီး လမ်းအရည်အသွေး ပြည့်မီရေး မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက် လျက်ရှိရာ အဆိုပါလမ်း ကတ္တရာခင်းပြီးသွားပါက လမ်းအသုံးပြုသူများအတွက် များစွာအဆင်ပြေမှာ ဖြစ်ကြောင်း အရှေ့ငယ်တိုး ကျေးရွာမှ ရပ်မိရပ်ဖ ဦးစောထွန်းနိုင်က ပြောပြသည်။
ကျောက်ဆည် မြို့နယ်အတွင်းရှိ အရှေ့ငယ်တိုး-ရွှေဒါး-ရဲဘော်လး-ရဲဘော်ကြီး-သပြေဝန်း ကျေးရွာချင်းဆက် လမ်းသည် အရှည်(၅)မိုင်(၇)ဖာလုံရှည်ပြီး ကျေးရွာချင်းဆက်လမ်းဖြစ်သည့်အပြင် ခရိုင်ပတ်လမ်းနှင့် ကျောက်ဆည်မြို့တို့ ဆက်သွယ်ထားသော လမ်းတစ်လမ်းဖြစ်ကာ ကတ္တရာလမ်း အဖြစ် ဆောက်ရွက်ပြီးစီးပါက လမ်းဘေးဝယ်/ယာရှိ ကျေးရွာ(၆)ရွာမှ ထွက်ကုန်များသယ်ယူရာတွင် ပိုမိုမြန်ဆန်လာပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မာဝေ က ပြောပြသည်။
သက်မောင်(ကျောက်ဆည်)