ပဲခူး ဇွန် ၅
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၂၁ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးတင်ဦး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်မိုးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးတင်ဦးက လူသာများအားလုံး မှီတင်းနေထိုင်သည့် ကမ္ဘာကြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့ ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်သစ်တွေအတွက် ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပသည့် ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်း ပေးနိုင်ဖို့ ဒီနှစ်ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ပုဒ်ဖြစ်သည့် "ပတ်ဝန်းကျင် ရေရှည်တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းစို့" ဆောင်ပုဒ်နှင့်အညီ လူသားတိုင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများမှာ အသိစိတ်ဓာတ် ရှိရှိဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြိုးပမ်းကြရန် အမှာစကား ပြောကြားသည်။
ထို့နောက် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆု(ASEAN ENVIRONMENTALLY SUSTAINABLE CITIES-ESC Award) အတွက် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက်ယှဉ်ခဲ့ကြသည့် ပဲခူးမြို့နှင့် ပြည်မြို့တို့အတွက် အမှတ်တရ ဂုဏ်ပြုဆုတံဆိပ်များအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) ဦးတင်ဦးက ပဲခူးမြို့နယ်နှင့် ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip ပြသရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) ဦးတင်ဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်မိုးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြည့်ရှု့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)