ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှု အသင်းနှင့် မျိုးနွယ်စုကော်မတီဝင်များနှင့် တွေ့ဆုံပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဇွန် ၅

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်း အတွင်းရှိ မနောအိမ်တော်၌ မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ် ကျေးမှုအသင်းနှင့် မျိုးနွယ်စု ကော်မတီဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုသုတေသနအဖွဲ့များနှင့် တွေ့ဆုံပြီး အားကစားပစ္စည်းများကို  ထောက်ပံ့ ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်းနှင့် မျိုးနွယ်စုကော်မတီဝင်များနှင့် တွေ့ဆုံရာတွင် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ ဓလေ့ထုံးစံများကို လက်ဆင့်ကမ်း ဖော်ထုတ်ထိန်းသိမ်း နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ယနေ့ မိမိတို့တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို ဖော်ထုတ်ထိန်းသိမ်း မှတ်တမ်းတင်နိုင်ခွင့်ရရှိပြီဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ကောင်စီအဖွဲ့ အနေဖြင့်လည်း ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် အမြဲတမ်း ချိတ်ဆက်၍ လက်တွဲပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မနောကွင်းသည် ကချင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ရာနေရာဖြစ်သည်သာမက နိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ပေါက်ပေါက်လာသည့် သမိုင်းဝင်နေရာတစ်ခုဖြစ်ပါကြောင်း၊ မနောကွင်း အတွင်းအများ ပြည်သူကျန်းမာရေး လှုပ်ရှားမှုများကို ဆောင်ရွက်လာကြသည်ကို တွေ့ရသည့်အတွက် အားကစားပစ္စည်းများ တပ်ဆင် အသုံးပြုနိုင်ရေး ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း မှာကြားသည်။

ယင်းနောက် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် မျိုးနွယ်စု ကော်မတီဝင်များက မနောကွင်းအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ရိုးရာယဉ်ကျေးမှု အသင်းပိုင် မြေယာများ မြေဂရန်ရရှိရေးနှင့် ရန်ပုံငွေဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ဖူဆယ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော် ခြင်းစသည့် အားကစားပစ္စည်းများ၊ ကျန်းမာရေးလေ့ကျင့်ခန်းသုံး စက်ပစ္စည်းများနှင့် အသင်းအတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၃၀)တို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကချင်တိုင်းရင်းသား မျိုးနွယ်စု(၆)ဖွဲ့နှင့် အသင်းတာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)