ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)အား ကျောင်းမြေနေရာသစ် ရှာဖွေပြောင်းရွှေ့နိုင်ရေး လျာထားမြေနေရာကြည့်ရှုစစ်ဆေး

မြစ်ကြီးနား    ဇွန်    ၅

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၅ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနား မြို့နယ်အတွင်း ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)အတွက် တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါရပ်နှင့် လျော်ညီသော ကျောင်းမြေနေရာသစ် ရှာဖွေပြောင်းရွှေ့နိုင်ရေး လျာထားမြေနေရာနှင့် မြို့တွင်းလမ်း တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

လက်ရှိ ဖွင့်လှစ်လျက်ရှိသော ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ မြေနေရာသည် အစိုးရ နည်းပညာ အထက်တန်းကျောင်း(မြစ်ကြီးနား)နှင့် နှစ်ကျောင်းပေါင်း၍ (၅.၈၂၆)ဧကမြေနေရာ၌ ခွဲဝေ အသုံးပြု လျက်ရှိရာ ဝန်ထမ်းအိမ်ရာ၊ ကျောင်းသား/ကျောင်းသူအိပ်ဆောင်များနှင့် အခြားလိုအပ်သော အဆောက်အအုံများ ဆောက်လုပ်ရန် မြေနေရာအခက်အခဲရှိသည့်အတွက် တက္ကသိုလ်တစ်ခု၏ ဂုဏ် အင်္ဂါရပ်နှင့်လျော်ညီသော မြေနေရာသစ် ရှာဖွေပြောင်းရွေ့နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် လျာထားမြေနေရာတစ်ခုဖြစ်သည့် ပမ္မတီး - ပြည်ထောင်သွားလမ်းဘေးရှိ စိုက်ပျိုးရေးခြံများရှိရာ မြေဧရိယာအကျယ်အဝန်း ဧက(၆၀)ရှိသည့် မြေ နေရာအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လျာထားမြေနေရာနှင့် ပတ်သက်၍ မြေနေရာကျယ်ဝန်းသော်လည်း နယ်မြေအခြေအနေနှင့် ခြံမြေများအား သင့်လျော်သည့် နှုန်းထားဖြင့် ရရှိနိုင်ရေး စိစစ်ဆောင်ရွက်သွားနိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။  

ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ တပ်ကုန်း ရပ်ကွက်အတွင်းရှိ ဧဒင်လမ်း အရှည်ပေ (၃၂၅၀)အား လမ်းအဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်နိုင်ရေး အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်ပြန်/ဆက်