ရန်ကုန် ဇွန် ၅
၂၀၂၁ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။
တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ကမိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်း ရေးနေ့ဖြစ်ပေါ်လာပုံမှာ ၁၉၇၂ခုနှစ် ဇွန်လ ၅ ရက်နေ့က ဆွီဒင် နိုင်ငံစတော့ဟုမ်မြို့မှာ ကုသမဂ္ဂ လူသားနှင့် ပတ်ဝန်းကျင် ညီလာခံ(United Nations Conference on Human and Environment) ကိုပထမဆုံး အကြိမ် ကျင်းပခဲ့ပါတယ်၊ ကမ္ဘာ့တစ်ဝန်းကြုံတွေ့နေရတဲ့ ပတ်ဝန်ကျင်ဆိုင်ရာပြဿနာတွေကို တစ်ကမ္ဘာ့လုံး အတိုင်း အတာနဲ့ ဝိုင်းဝန်း ပူပေါင်းဖြေရှင်း ဆောင်ရွက်ကြဖို့၊ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ အကြား၊ စတင်ဆွေးနွေးခဲ့တဲ့နေ့၊ တစ်နည်းအားဖြင့်ကမ္ဘာ့လုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်ထူးခြား လေးနက်တဲ့ မှတ်တိုင်း တစ်ရပ်စိုက်ထူးတဲ့နေ့ဖြစ်တဲ့ အတွက် ဇွန်လ( ၅) ရက်နေ့ကိုကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ ရတဲ့ရည်ရွယ်ချက်ကတော့၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ အပေါ်ပြည်သူလူထုရဲ့ အသိအမြင် တိုးပွားလာစေရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်များ ပြန့်ပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပြည်သူလူထု ကိုယ်တိုင် တစ်တပ်တစ်အား ပူပေါင်းပါဝင် ဆောင်ရွက်လာစေရေးနဲ့ လူသားအားလုံးတို့၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိစိတ်ဓာတ်များရှင် သန်လာစေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင်အသိစိတ်ရှိရှိဖြင့် အလေးဂရုပြုပါဝင် ဆောင် ရွက်လာကြစေရန် အတွက်ဖြစ်ပါတယ်။
ဒီနှစ် ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်းပုဒ်အဖြစ်၊ ပတ်ဝန်းကျင်ရေရှည်တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကိုပြန်လည် ပြုပြင်ထိန်းသိမ်းကြပါစို့ ( Eco system Restoration)လို့သတ်မှတ် ထားပါတယ်”လို့ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၁ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres ၏ သဝဏ်လွှာပြောကြားသည့် ဗွီဒီယိုကို ပြသခြင်း၊ ၂၀၂၁ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး Ms. Inger Andersen ၏သဝဏ်လွှာပြောကြားသည့် ဗီဒီယိုအား ပြသခြင်း၊၂၀၂၁ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုကို ပြသခြင်း များကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက အမှတ်တရ၊ စုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ခန်းမအတွင်း ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန် မြို့တော်ဝန်နှင့် အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်မြင့်