ပွင့်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားလျက်ရှိ

ပွင့်ဖြူ ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ဇွန်လ(၁)ရက်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ (အထက်တန်းလယ်တန်း၊ မူလတန်း)အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ပညာသင်ကြာပေးလျက်ရှိရာ အခြေခံပညာကျောင်းများအလိုက် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၇)ကျောင်း၊ အလယ်တန်းကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၀)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၂)ကျောင်း၊ မူလတန်း ကျောင်း(၁၀၇)ကျောင်း၊ မူလတန်းကျောင်းခွဲ (၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်း၊ စုစုပေါင်း အခြေခံပညာ စာသင်ကျောင်းပေါင်း (၁၀၇)ကျောင်းရှိပြီး မေ ၂၄ ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံမှုများ ဆောင်ရွက်ခဲ့ပြီး ဇွန်(၁)ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကျန်းမာရေးဆိုင်ရာကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားရာတွင် အခြေခံပညာကျောင်းများ အလိုက် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျောင်းပတ်ဝန်းကျင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နယ်မြေယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကလည်း ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ရဲဝင်းနိုင် (ညောင်ဦး)