ထန်းတောင်သူများ ထန်းဖိုရာသီပြီးဆုံး၍ ထန်းမရာသီစတင်ချိန် ထန်းလျက်ဈေးကျဆင်းနေ

 

ညောင်ဦး  ဇွန် 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖိုထန်းတက်လုပ်ငန်း ပြီးဆုံးချိန် ထန်းမထန်းတက်လုပ်ငန်း စတင်ချိန် ထန်းလျက်တစ်ပိဿာ၁၄၀၀ ကျပ်ဈေးနှုန်းဖြင့်သာ ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူများထံက သိရသည်။ 

ထန်းတောင်သူများသည် ထန်းတက်လုပ်ငန်းများအား တန်ခူးလမှစတင်၍ ထန်းလုပ်ငန်း စတင် လုပ်ကိုင်ကြပြီး သီတင်းကျွတ်လတွင် ထန်းရာသီပြီးဆုံးကြောင်း၊ ထန်းတောင်သူများ ထန်းတက်ရာတွင် တန်ခူးလမှစတင်၍ ထန်းဖိုပင်များ စတင်ထန်းတက်ကြပြီး ထန်းဖိုရာသီ ထန်းလျက်ချက်လုပ်ငန်း နယုန်လတွင်ပြီးဆုံးကြောင်း၊ ထန်းမထန်းတက်ရာသီဖြစ်သည့်နယုန် လမှစတင်ကာ ထန်းမထန်းတက်လုပ်ငန်းစတင်ပြီး သီတင်းကျွတ်လတွင် ထန်းရာသီလုပ်ငန်း သိမ်းဆည်းကြကြောင်း ညောင်ဦးမြို့နယ်၊ ကူကျေးရွာအုပ်စု၊တောင်ရှေ့ကျေးရွာ ထန်းတောင်သူ၊ ဦးငြိမ်းဟန်ကပြောကြားသည်။ 

ညောင်ဦးမြို့နယ် ထန်းတောင်သူများ ထန်းလျက်ရရှိချိန် ထန်းလျက်ရောင်းချရာတွင် ထန်းရာသီ တလျှောက် ဈေးနှုန်းတူညီမှုမရှိပဲ ပေါ်ဦးပေါ်ဖျား ထန်းလျက်ဈေးနှုန်းမှာ တစ်ပိဿာ ၂၀၀၀ ကျပ် စတင်ရောင်းချခဲ့ရပြီး ထန်းလျက်လှိုင်လှိုင်ပေါ်ချိန် ထန်းပိုတွဲလတွင် ထန်းလျက် ဈေးနှုန်း ၁၂၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလေ့ရှိကာ ထန်းမရာသီချိန်တွင် ထန်းလျက်ဈေးနှုန်း ၁၄၀၀ ကျပ်မှ ၁၅၀၀ ကျပ်ထိရှိကြောင်း တောင်ရှေ့ကျေးရွာ ထန်းလျက်ချက်(ကျို)နေသည့် ဒေါ်သန်းသန်းမြင့်က ရှင်းပြသည်။ 

ထန်းတောင်သူလုပ်ငန်းသည် ကရိကထ အလွန်များပြားကာ အိမ်ရှိလူကုန်ပင်ပန်းကြကြောင်း၊ ထန်းတက်လုပ်ငန်း မတင်မီအချိန်ကပင် ထန်းတက်လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်ရသည့် ပစ္စည်းများ ကြိုတင်စုဆောင်း ပြင်ဆင်ထားရကြောင်း၊ ထန်းလျက်ချက်လုပ်ရန် ထန်းလျက်ချက် ဖိုပြုလုပ်ရန် မြေနီ၊ မြေစေး တူးယူကာ ဖိုပြုလုပ်ရကြောင်း၊ ထန်းလျက်ချက်ဖို့ လောင်စာကြိုတင်စု ဆောင်းထားရခြင်း၊ ထန်းဆွဲမြူအိုး ကြိုတင်ဝယ်ယူထားရခြင်းနှင့် ယင်းဆွဲ၊ ယင်းထောင်၊ ထန်းလှီးအိမ်၊ ထန်းလှီးဓားများ ထန်းစတင်ပြင်ဆင်နိုင်ရန် ကြိုတင်စုဆောင်းထားရကြောင်း ထန်းတောင်သူများက ရှင်းပြသည်။ ထန်းလျက်တစ်ပိသာရရှိရန် ထန်းဆွဲမြူအိုးငါး လုံးအပြည့် ကျိုချက်မှ ထန်းလျက်တစ်ပိသာ ရကြောင်းသိရပြီး ထန်းရေထန်းဆွဲမြူအိုးတစ်လုံးလျှင် နှစ်လီတာ ရှိကြောင်း၊ မနှစ်က ထန်းမရာသီထန်းလျက်တစ်ပိသာ (၁၆၀၀) ကျပ်ရောင်းချရပြီး ယခုနှစ်တွင် (၁၄၀၀) ကျပ်သာရောင်းချရခြင်းကြောင့် ထန်းမထန်းရာသီထန်းလျက်ဈေးနှုန်းကျဆင်းနေကြောင်း ထန်းတောင်သူ ဦးအေးဟန်ကပြောသည်။

ကိုထိန် (KPD)