ကျောင်းကုန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် စာအောင်သံဃာများအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ကျောင်းကုန်း ဇွန် ၆

၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၇ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မြတ်ဗုဒ္ဓ၏ သာသနာတော်(၃)ရပ်အနက် ပရိယတ္တိသာသနာထွန်းကားပြန့်ပွားရေးအတွက် အစိုးရပါဠိ ပထမပြန် စာမေးပွဲများ၊ ဓမ္မာစရိယစာမေးပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ကျောင်းကုန်းမြို့နယ်တွင် ယခုနှစ်ဆိုလျှင် (၂၂)ကြိမ်မြောက် ကျင်းပဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လျှောက်ထားခဲ့သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း(၂)ပါး၊ ပထမလတ်တန်း (၆)ပါး၊ ပထမငယ်တန်း(၃)ပါး၊ အခြေပြုမူလတန်း(၈)ပါး၊ စုစုပေါင်း (၁၉)ပါးအား ဂုဏ်ပြုဆုတော်ကျပ် (၃) သိန်းကျော် လှူဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)