အထက်မင်းလှ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေး ငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့် ရှောက်မှုအနေဖြင့် လစဉ်ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီက တောင်ရပ်ကွက်၊မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံး တွင် ဆောင်ရွက် ခဲ့သည်။
ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမများနှင့် သားဖွား ဆရာမများက အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေး ငယ်များအား အသက်အရွယ်အလိုက်ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါဘီ၊ဦးနှောက်အမှေးရောင်၊ (ငါးမျိုးစပ်ကာကွယ်ဆေး) ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ပြီး၊ ကိုယ်ဝန်ဆောင်မိခင်များကို လည်း ကာကွယ် ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီကလေးငယ်များနှင့် မိခင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရန်၊ လူစုလူဝေးမဖြစ်စေရန်အတွက် ရပ်ကွက် အလိုက် အလှည့်ကျ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇာဇာ(အထက်မင်းလှ)