ပွင့်ဖြူ ဇွန် ၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲသီးနှံစိုက်ပျိုးရေးကို အားထားလုပ်ကိုင်ကြရာ အောင်မြင် ဖြစ်ထွန်းမှုရှိပြီး တိုင်ထောင်ပဲသီး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ နှုန်း ရောင်းချနေရသဖြင့် မိသားစု ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ် ကျေးရွာ အုပ်စုရှိ ဒေသခံတောင်သူများထံမှ သိရသည်။
တိုင်ထောင်ပဲသီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီးအချိန်တစ်လကြာပါက ဈေးကွက်ဝင် တိုင်ထောင် ပဲသီးများကို လှိုင်လှိုင် ဆွတ်ခူးရောင်းချရပြီး စိုက်ပျိုးရာတွင်လည်း တစ်ပင်နှင့်တစ်ပင် အနည်းဆုံး တစ်တောင်အကွာထား၍ စိုက်ပျိုးရကြောင်း နှင့် အသီးအပွင့်များမတင်မီ အတန်းလိုက် တိုင်ထောင် ခြင်းလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိရကြောင်း သိရသည်။
“ကျွန်တော်တို့ကျေးရွာက တောင်သူတွေဟာ တိုင်ထောင်ပဲသီးနှံနဲ့ အခြား ဟင်းသီးဟင်းရွက်မျိုးစုံကို အားထား စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဒီနှစ်မှာတော့ တိုင်ထောင်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းက ဈေး ကောင်းရရှိလို့ စီးပွားရေးတွက် ခြေကိုက်ပါတယ်။ စိုက်ပျိုးရေလဲ အဆင်ပြေတဲ့ အတွက် အောင်မြင် ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်လ ၊ သုံးလ လောက်ကတော့ တိုင်ထောင်ပဲသီးက တစ်ပိဿာကို ငွေကျပ် ၇၀၀ လောက်ပဲ ရောင်းချရပါတယ်။ ခုရက်ပိုင်းမှာတော့ တစ်ပိဿာကို ငွေကျပ် ၂၀၀၀ အထိ ရောင်းချရလို့ မိသားစုစားဝတ်နေရေးအတွက် ပိုပြီးအဆင်ပြေတာပေါ့ဗျာ ၊ တိုင်ထောင်ပဲ သီးနှံက စနစ်တကျ ပြုစုစိုက်ပျိုးပါက အပင်ရေ ၇၀၀ လောက် စိုက်ပျိုးထားရင်ကို ပိဿာချိန် ၁၀၀ ကျော် လောက် ထွက်ရှိတာ ဖြစ်ပါတယ်။ အပင်ရေများများစိုက်လေ အထွက်နှုန်း ပိုများလေဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာမှ တစ်ပိုင် တစ်နိုင် တိုင်ထောင်ပဲသီးနှံစိုက်ပျိုးလုပ်ကိုင်သူ ဦးထွန်းနိုင် က ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေတောင်သူများသည် နေ့စဉ် မိသားစုဝင်ငွေရရှိရေးအတွက် ဟင်းသီး ဟင်းရွက် ၊ စားပင်သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် သီးထပ်သီး ညှပ်များအဖြစ် စိုက်ပျိုးကြ ကြောင်းနှင့် စိုက်ပျိုးရေပေါကြွယ်ဝသည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရေးလုပ်ငန်းမှာ စီးပွားရေးတွက်ခြေကိုက်လျက် ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )