ကျောက်ဆည်၊ ဇွန်၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ကြက်သွန်၊ ပဲတီစိမ်း၊ ငရုပ်၊ ငှက်ပျော၊ ဝါ စသည့်သီးနှံများ အများအပြားစိုက်ပျိုးကြသော်လည်း မြစ်ဘေး၊ ချောင်းဘေးနှုန်းတင်မြေနုများနှင့် ယာမြေအချို့တွင် ပန်းမျိုးစုံနှင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးကြရာ တိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုးသည့် တောင်သူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ပဲတောင့်ရှည်စိုက်ပျိုးခြင်းများနှင့် ပတ်သတ်၍ ပဲတောင့်ရှည်က လူအင်အားအများကြီး စိုက်ထုတ်စရာမလိုသည့် သီးနှံ တစ်မျိုးဖြစ်ပြီး ရွက်စားပိုးနှင့် သီးလုံးဖောက်ပိုး ကြိုက်တဲ့သီးနှံဖြစ်တာကြောင့် စိုက်ပျိုးပြီး နေ့စဉ်ဂရုစိုက်ရကာလိုအပ် ပါက ပိုးသတ်ဆေးဖျန်းပေးရပြီး အစိုဓာတ်မပြတ် ရေသွင်းပေးရကြောင်း၊ ပဲတောင့်ရှည်သည် တစ်ရက်ခြား ခူးဆွတ် ရောင်းချရသည့် ကုန်စိမ်းသီးနှံ ဖြစ်ပြီး ဈေးအမျိုးမျိုး ရှိသော်လည်း ယခုအခါ ပဲတောင့်ရှည်(၁)ပိဿာ (၈၀၀)ကျပ်နှင့် အဝယ်ဒိုင်တွေများမှ ဝယ်ယူသဖြင့် နေ့စဉ်ဝင်ရရှိသောကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိသည့် ပဲတောင့် ရှည်မျိုး တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော တံတားလည်ကျေးရွာမှ တောင်သူဒေါ်အေးယုစံမှ ပြောပြသည်။
ပဲတောင့်ရှည်မျိုး (၂)ထုပ်စိုက်ပျိုးပါ ငွေကျပ်(၆)သောင်းခန့်ကုန်ကျကာ စိုက်ပျိုးပြီး (၂)လအကြာတွင် စတင် ခူးဆွတ် ရကြောင်း၊ အသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာချိန် (၃၀) ကျော်ထွက်ရှိကြောင်း၊ ပဲတောင့်ရှည်သည် တစ်ရက်ခြားခူးဆွတ်ရသည့် သီးနှံတစ်မျိုးဖြစ်ကာ အပင်အပြုစုကောင်းပါက ရက်ပေါင်း(၇၅)ရက်အထိ ခူးဆွတ် ရောင်းချရကြောင်း ကုန်ကျစရိတ် သက်သာပြီး တိုင်ထောင်ဝါးများသည်လည်း တစ်ခါဝယ်ယူပြီးပါက (၄)နှစ်ခန့်အထိ အသုံးပြု၍ ရသောကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)