မိုးသီးနှံစိုက်ပျိုးရန် ပြင်ဆင်ထားကြသော တောင်သူဦးကြီးများ

မင်းဘူး   ဇွန်   ၇

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ စိုက်ပျိုးရေးကို လုပ်ကိုင်ကြသော တောင်သူ ဦးကြီးများသည်  မိုးသီးနှံများကို  မစိုက်ပျိုးမှီ ထယ်ရေး၊ ထွန်ရေးကိုဦးစွာ ခံ၍စိုက်ပျိုးရန် ပြင်ဆင် ထားကြသည်။  အထူးသဖြင့် မိုးနည်းဒေသဖြစ်သော အလယ်ပိုင်း အညာဒေသများတွင် ထယ်ရေး၊ ထွန်ရေးခံမှုကို ပို၍ အလေးပေးလုပ်ဆောင်ကြသည်။ အဘယ်ကြောင့်ပါနည်း။ ထယ်ရေး ကြိုခံထားခြင်းဖြင့် စိုက်ပျိုးမည့် သီးနှံအတွက် ကောင်းကျိုးများစွာ ရရှိစေသည့်အပြင် မိုးများရွာသွန်း လာပါက အဆင်သင့် စိုက်ပျိုးနိုင်ရန်ဖြစ်သည်။

မိရိုးဖလာစိုက်ပျိုးမှု နည်းစနစ်များ ကျင့်သုံးရာတွင် ထယ်ရေးခံခြင်းသည် နွေ၊ မိုး၊ ဆောင်းရာသီ မပြတ် ပြုလုပ်သင့်ကြပေသည်။ မိုးနည်းဒေသများတွင် သီးနှံတစ်မျိုး ရိတ်သိမ်းပြီး ပစ်ထားကြမည် ပလှပ်ထားကြမည်ဆိုလျှင် ပူပြင်းသောဒေသ၏ အပူရှိန်ကြောင့် ယာမြေမှ အစိုဓာတ်များသည် လွင့်ပါးသွားမည်။ အစိုဓာတ်နည်းသွားလျှင် အပေါ်ယံမြေမျက်နှာပြင် တင်းမာခြောက်သွေ့လာမည်။ မိုးရာသီအစ ပထမမိုး ရွာသွန်းလိုက်လျှင် မိုးရေများသည် တင်းမာနေသော မြေကျပ်ပိတ်ထဲသို့ စိမ့်ဝင်သွားရန် မတတ်သာတော့ပဲ မြေမျက်နှာပြင် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသွားပေမည်။ ဤကဲ့သို့ဖြင့် ပထမဆုံးမိုးရေကို ဆုံးရှုံးလိုက်ရပေမည်။ မိုးရေမရသောကြောင့် ပထမရွာသော မိုးရေဖြင့် သီးနှံများစောစော မစိုက်လိုက်ရတော့ပေ။

ထယ်ရေး ခံမထားသောကြောင့် ရတောင့်ရခဲ မိုးရေဆုံးရှုံးမှုသာမက ယာကွက်ထဲရှိ မြေဆီဩဇာတို့ လည်း မိုးရေနှင့်အတူ ပါသွားသောကြောင့် ဒုတိယ ဆုံးရှုံးမှုထပ်မံ ကြုံရပြန်သည်။ ထယ်ရေး ခံမထားသောကြောင့် ပေါင်းမြက်များ ပေါက်လာပေမည်။ ပေါင်းမြက်များပေါက်လာလျှင် ပိုးမွှားနှင့် ရောဂါများလည်း ကျရောက်နိုင်လေသည်။ မိုးနှောင်းကာလသည် မိုးရာသီတစ်လျှောက် မိုးရွာမှုမှ ရရှိသည့် မြေကြီးအစိုဓာတ်သည် နွေနှင့် ဆောင်းထက်ပိုကောင်းသည်။ မိုးနှောင်း ထယ်ရေးခံခြင်း သည် အညာဒေသနှင့် မြေလတ်ပိုင်းတို့တွင် အဓိကစိုက်ပျိုးသော နှမ်းမြေပဲ ပဲမျိုးစုံတို့အတွက် အကျိုးများစွာရှိသည်။ မိုးနှောင်း ထယ်ရေး၊ ထွန်ရေးခံခြင်း၏အကျိုးကို အပြည့်အဝ ခံစားလိုပါက အခွင့်သာတိုင်း ထယ်များ၊ ထွန်များဖြင့် အမြဲမပြတ် ယာခင်းများကို ထွန်ပြီးဖွပေးထားရသည်။

အကြိမ်ကြိမ် ထယ်ရေး၊ ထွန်ရေးခံခြင်း၊ ကြမ်းတုံးရိုက်ပြီး ဖုံးအုပ်ပေးခြင်းဖြင့် အစိုဓာတ်ကို ထိန်းသင့်သလောက် ထိန်းထားနိုင်ပါသည်။ ပေါင်းမြက်များကို ထယ်ထိုးမြေဖုံးထားပြီး မြေများကို ဆွေးမြေ့ သွားစေသည်။  ထယ်ထိုးခြင်းဖြင့် အထက်မြေလှန်၍ အောက်မြေနှင့် ရောနှော စေခြင်းဖြင့် မြေကြီးသည် နေ၊ လေတို့နှင့် ထိတွေ့ခွင့်အကြိမ်ကြိမ်ရှိကာ မြေကြီးမှ ဓာတ်မြေဩဇာ အဖြစ် ပြောင်းလဲသွားစေသည်။ မြေတွင်းရှိ အစိုဓာတ်သည် မြေကြီးထဲ စိမ့်ဝင်သွားသကဲသို့ မြေပေါ်သို့ လည်း တက်လေ့ရှိသည်။ ၎င်းမြေအစိုသည် မြေပေါ်သို့ ရောက်သည့်အခါ နေဟပ်ခံရသည်။ လေဟပ်ခံရသည်။ ထယ်ရေးခံပြီး ကြမ်းတုံးဖုံးထားလျှင် မြေဆီလွှာ အပေါ်ယံ၏ အောက်ခြေ၌ အစိုဓာတ်များ စုနေသည့် စိုက်ခင်းမြေသည် ခြောက်သွေ့၍ တင်းမာမနေတော့ပေ။

မြေကို မကြာမကြာ ဆွပေးခြင်းဖြင့် မြေမွနေပြီး မိုးရေကိုပို၍ ထိန်းထားနိုင်သည်။ သီးနှံမျိုးစေ့ စိုက်ပျိုးချိန်အထိ မြေအစိုဓာတ်ရှိနေ၍ အပင်များ ပို၍ဖြစ်ထွန်းသည်။ မြေကြီးထဲ သီးနှံစိုက်ပျိုးပြီး မြေဩဇာ ပြန်၍မဖြည့်ခြင်းသည် မြေရိုင်းတို့၌ နဂိုရှိသော မြေဩဇာဓာတ်သည် ကုန်ခမ်း လျော့နည်း လာပြီး လယ်ထွန်၊ ယာခုတ် မှန်မှန်လုပ်၍ ထယ်ရေးလည်းခံ မျိုးလည်းမှန်မှ သီးနှံအကျိုး ခံစားကြရပေမည်။ ရှေးခေတ်က လယ်သမားများသည် လယ်ထဲ ယာထဲသို့ နုံးမြေများမှန်မှန် ဖြည့်ကြသည်။ ယခုဤကဲ့သို့ ပြုလုပ်သူနည်းပါးလာခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်က ပုဂံဒေသ တွင် မြစ်ရေတင် စီမံကိန်းဖြင့် ဆောင်ရွက်ရာတွင် နဂိုမူလသဲများကို ကန်သင်းကန့်၍ နုံးမြေများ ထည့်ကာ သဲနုံးမြေ ဖြစ်လာမှ စပါးစိုက်ပျိုးမှု အောင်မြင်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ရာသိအလိုက် သီးနှံများ မစိုက်ပျိုးမှီ မြေများကို ထယ်ရေးခံထား ခြင်းဖြင့် ပေါင်းမြက်များကို နိမ်နင်းပြီးသား ဖြစ်သွားစေသည့်အပြင် ထယ်ရေးခံခြင်း နည်းစနစ်သည် အထူး ကောင်းမွန်၍ မိုးရေများကို ရေထိန်းပြီးသား ဖြစ်သွားစေသည့်အပြင် မြေဆီမြေလွှာများကိုလည်း ထိန်းသိမ်းပေးသဖြင့် သီးနှံများ အထွက်တိုးစေနိုင်သည့်အပြင် မိုးများရွာသွန်းလာပါက မြေသားများ ပြုပြင်ပြီးသားဖြစ်၍ အလွယ်တကူ စိုက်ပျိုးနိုင်သော ကြောင့်ဖြစ်သည်။

 ဇေယျာထက် (မင်းဘူး)