စေတုတ္တရာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

စေတုတ္တရာ    ဇွန်      ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ တို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ၏ “ချစ်လို့ပြောတာမှတ်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး နောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြစ်သည့်  ဦးအောင်မျိုးသန့်က “စာပေ ရဲ့အရသာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဒေါ်ခင်မာအေးက “မှတ်ဉာဏ် ခိုင်မာစေတဲ့ နည်းတစ်ခု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မိုးလဲ့ချိုက “တန်ဖိုးအတိုင်းအဆ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များအား အသီးသီးဆွေးနွေးမေးမြန်းကြရာ  ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။

စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို တစ်လလျှင်နှစ်ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် Online အစီအစဉ်ဖြင့် ပုံပြင်ပြောအစီအစဉ်၊ ကဗျာရွတ်အစီအစဉ်၊ စာအုပ်မိတ်ဆက်အစီအစဉ်နှင့် စက္ကူခေါက် အစီအစဉ်များကိုလည်း နေ့စဉ်ပုံမှန်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ခင်သန်းလှိုင်