ကျွန်းစုမြို့တွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းနှင့် မိသားစုဝင်အချို့တွင် Covid-19 ရောဂါပိုး တွေ့ရှိ

ကျွန်းစု ဇွန် 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယ‌မန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ၁ ဦးသည် အနံ့အရသာ ပျောက်သဖြင့် ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ  ကိုဗစ်-19 ရောဂါ (Positive) ပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးမှ သိရသည်။

ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သော ပြည်သူ့ဆေးရုံမှ သန့်ရှင်းရေးဝန်ထမ်း(၁)ဦးနှင့် မိသားစုဝင်(၃)ဦးတို့အား ကိုဗစ်ရောဂါပိုးရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ  Covid-19 Positive (ရောဂါပိုး)တွေ့ရှိခဲ့သည်။

ရောဂါပိုးတွေ့ရှိခဲ့သူ (၅)ဦးတို့အား မွန်းလွဲ(၃)နာရီအချိန်တွင် ပြည်သူ့ဆေးရုံကြီး ကိုဗစ်-19 ရောဂါ သီးခြားစောင့်ကြည့်ဆောင်တွင် ထားရှိ၍ ဆေးဝါးကုသမှု ဆောင်ရွက်ပေးလျက်ရှိပြီး ပိုးတွေ့ရှိသူများ အနက် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက လွန်ခဲ့သော(၃)ရက်ခန့်က မြိတ်မြို့သို့ ခရီးသွားရောက်ခဲ့ဖူးပြီး ကျန်သူများမှာ ခရီးသွား ရာဇဝင်မရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)