မိုးနဲ ဇွန် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝဘေးဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်ရန်၊ ဂေဟစနစ်များ မပျက်စီးစေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရိပ်ရပင်၊ နှစ်ရှည်ပင်နှင့် စားသုံးသီးနှံပင် သုံးသောင်းကျော်ကို ပျိုးဥယျာဉ်(နှစ်)ခု၌ ပျိုးထောင်ထားရှိကြောင်း သိရှိရသည်။
မြို့နယ်သစ်တောဦးစီးဌာန၏ ပျိုးဥယျာဉ်နှင့် နားခံလူထုအခြေပြုပျိုးဥယျာဉ်တို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ကျွန်းပင် (၂၅၀၀) ၊ မယ်ဇလီပင် (၄၈၀၀) ၊စိန်ပန်းပြာ/နီပင် (၄၆၀၀)၊ မန်ဂျန်ရှားပင်(၆၅၀၀)၊ ခါတော်မှီပင် (၁၀၀၀)၊ ထောပတ်ပင် (၁၅၀၀)၊ မက္ကဒေးမီးယားပင် (၅၀၀)၊ ကော်ဖီပင် (၁၅၀၀)၊ ကျောက်ထင်းရှူးပင် (၅၀၀) ၊စိန်တံချူပင် (၈၀၀) နှင့် ပနားမားငု၊ ဩရီရှား၊ လျှော်ဖြူစသည့် စုစုပေါင်းပျိုးပင် (၃၀၀၀၀)ကျော်ကို ပျိုးထောင်ထားရှိပြီး ရာသီဥတုပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေး ဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်ရာ သစ်ပင် များတစ်နိုင်တစ်ပိုင် စိုက်ပျိူးပြုစုထိန်းသိမ်းနိုင်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)