မိုင်းဖြတ် သြဂုတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် ထောက်ပံ့မှုအရဆောင်ရွက်သော မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်းကို ယမန်နေ့ နံနက် ၈နာရီက တာချီလိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာချီလိခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်း၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးအေးကို၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးရဲဝင်း၊ခရိုင်မြေ အသုံးချရေးတာဝန်ခံ ဒေါ်မြဥမ္မာနှင့် မြို့နယ်ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါမျိုးစေ့ ထုတ်စိုက်ခင်းများ စနစ်တကျ အောင်မြင်ဖြစ်ထွန်းရေးအတွက် ကွင်းဝန်ထမ်းများအား နည်းပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါ ဆင်းဧကရီ-၃စပါးမျိုးကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု လေးအုပ်စုရှိ တောင်သူ၁၉ ဦးဖြင့် RS to CS မျိုးသန့်မျိုးစေ့ထုတ်ဧက ၅၀ စိုက်ပျိုးထားရှိ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယင်းနောက် မြို့နယ်အတွင်းရှိ မှတ်ပုံတင်ထားရှိပြီး အရည်အသွေးပြည့်ဝသော ဓါတ်မြေသြဇာများမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် မြို့နယ်တွင်းရှိဓါတ်မြေသြဇာအရောင်းဆိုင်များကို အသိပညာပေးခြင်း၊ လက်ရှိရောင်းချလျက်ရှိသော ဓါတ်မြေသြဇာများ အရည်အသွေး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)