ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံကာ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပဲခူး ဇွန်  

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်‌သောကောင်စီဝင် များနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသလိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းများတွင် ပါဝင်မဲပေးခဲ့သဖြင့် ယခုအခါ “ပန်းခင်း စီမံချက်"ဖြင့် ရသင့်ရထိုက်သည့် နိုင်ငံသားနှင့်တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိရေး ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအနေဖြင့် အထူးအလေးထား ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့တာဝန်ယူနေသည့် အချိန်ကာလအတွင်း မြို့ပြကျေးလက် ဆင်းရဲချမ်းသာကွာဟမှု လျှော့ကျစေရေးနှင့် မြို့ပြ ကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အလျင်အမြန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စပါးစိုက်ဧက တိုးတက်ရေးထက် တစ်ဧကအထွက်တိုးတက်ရေးကို အထူးအလေးထားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နွေစပါးသည် တောင်သူလယ်သမားများ၏ အားကိုးရာတစ်ခုဖြစ်၍ နွေစပါးရေရရှိရေးအတွက် လိုအပ်သည့် နေရာများတွင် ဆိုလာစနစ်ဖြင့်ရေတင်စိုက်ပျိုးနိုင်သည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ တင်ပြပေး စေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှု(၉၃)ရာခိုင်နှုန်းသာရှိသည့်အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး နိုင်ရေး၊ သီးညှပ်အဖြစ် နေကြာစိုက်ပျိုးသွားရန်နှင့် ဒေသတွင်း ဆီစားသုံးမှုလျော့ကျစေရေးလည်း အသိပညာပေးရန် လိုအပ်ကြောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပေးနေသည့် အိမ်တွင်းစက်မှုလက်မှု သင်တန်းများ ဖွင့်လှစ်သင်ကြားမည့် အခြေအနေများအား ရပ်ကွက်/ ကျေးရွာများအထိ အသိပေးရန်နှင့် ၎င်း သင်တန်းများသည် ပြည်သူများအတွက် တိုက်ရိုက်အကျိုးရှိကြောင်း၊ မိမိတို့ရုံး၊ မိမိတို့မြို့နယ်အတွင်း လုံခြုံရေး သတိ၊ လုံခြုံရေး အသိ အမြဲရှိစေရန်နှင့် သတင်းရရှိနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန်၊ ရသင့်ရထိုက်သည့် အခွန်ငွေများရရှိနိုင်ရေး စည်းရုံးရေး အသွင်သဏ္ဍာန်ဖြင့် ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရန်၊ မြို့သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းသတိပေး ဆိုင်းဘုတ်များ ပြည့်စုံစွာတပ်ဆင်ပေးထားရန် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးမှသည် စီးပွားဖြစ် မွေးမြူရေးအထိ အကျိုးရှိသည့်အတွက် ဒေသကြက်(ဗမာကြက်) မွေးမြူရေးကိုလည်း အသိပညာပေး ဆောင်ရွက် သွားရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်(၄)မျိုး ကောက်ခံရရှိမှုနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား Power Point  ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ကောင်စီအဖွဲ့ဝင်များက လုံခြုံရေး၊ အခွန်ကောက်ခံ နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ညွှန်ကြားချက်များအား အသိပေးပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များဖြည့်စွက် လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရှိရသည်။

 

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

 

ဝဏ္ဏမောင်