ဟင်္သာတ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများပြီးစီးမှုအခြေအနေကို ယမန်နေ့မွန်းလွဲပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်နှင့် တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဟင်္သာတမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဟင်္သာတမြို့နယ် အင်းဓ၀ယ်ကျေးရွာအုပ်စုချောင်းဖျားကျေးရွာတွင် ဆောင်ရွက်သော ကွန်ကရစ်ဘောင် ချောင်းကျောက်လမ်းခင်းခြင်း လုပ်ငန်း (၂၈၀၀'×၉'×၆')နှင့် သဲဖြူ(ဓမ္ဘီ)ကျေးရွာအုပ်စု၊ ထိန်ကုန်းကျော်ကျေးရွာတွင် ဆောင်ရွက်သော ကျေးရွာတွင်းလမ်း ကွန်ကရစ် ဘောင် ချောင်းကျောက် လမ်းခင်းခြင်းလုပ်ငန်း(၂၂၀၀'×၁၂'×၆")တို့ကိုကြည့်ရှုစစ်ဆေးပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးနှင့် တာဝန်ခံဝန်ထမ်းများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဒုတိညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကျေးရွာများမှ ဒေသခံ ပြည်သူများ၊ စီမံကိန်းကော်မတီဝင်များကို တွေ့ဆုံနုတ်ဆက်ပြီး စီမံကိန်းနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေး လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရှိရသည်။