စေတုတ္တရာ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရာသီတွင် တောင်သူများ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်စေရန်နှင့် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း နိုင်စေရန် ရည်ရွယ်၍ မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြစံက တောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးနိုင်စေရန်နှင့် သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော သီးနှံမျိုးစေ့များကို ထုတ်လုပ်ဖြန့်ဖြူးသွားနိုင်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်း စေရန် အတွက် မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးများအား ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြစံနှင့် ဝန်ထမ်းများက မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်သည့် အုပ်စု(၅)အုပ်စုရှိ အကျိုးဆောင် တောင်သူ(၂၃)ဦးအား ဆင်းသုခစပါးမျိုး (၁၅) တင်း၊ ဧရာမင်းစပါးမျိုး (၅) တင်း၊ မနောသုခစပါးမျိုး (၅) တင်း စုစုပေါင်း(၂၅) တင်းနှင့် ကွန်ပေါင်းမြေဩဇာ (၁၅) အိတ်ကို လည်းကောင်း၊ မြေနီကုန်းကျေးရွာရှိ တောင်သူ(၄)ဦး၏ နှမ်းစံပြစိုက်ခင်း(၁၀)ဧကအတွက် နှမ်းမျိုး(၂၀)ပြည် နှင့် ကွန်ပေါင်းမြေဩဇာ (၅)အိတ်ကိုလည်းကောင်း၊ အမှတ်(၁) ရပ်ကွက်ရှိ SRI စံပြကွက် စိုက်ခင်းအကျိုး ဆောင်တောင်သူ (၃) ဦးအား ဧရာမင်းစပါးမျိုး (၃) တင်းနှင့် ကွန်ပေါင်းမြေဩဇာ (၅) အိတ်ကို လည်းကောင်း၊ တက်ရောက်လာကြသော တောင်သူများအား အဆီဖိတ်၊ ဇွန်ဘီနှင့် တမာပိုးသတ်ဆေး များကိုလည်းလည်း၊ ဟင်းသီးဟင်းရွက် မျိုးစေ့(၁၃)မျိုး (၁၃၀)ထုတ်ကိုလည်းကောင်း အသီးသီးအခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအား မျိုးသန့်မျိုးစေ့များ ထောက်ပံ့ ခြင်းသာမက စိုက်ပျိုးရေးနည်းပညာများအား လက်တွေ့ပြသခြင်း၊ ဘက်စုံအဆင့်မြင့် နည်းပညာသုံး ကျေးရွာများ အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်သန်းလှိုင်