ကြာအင်းဆိပ်ကြီးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ အေးချမ်းစွာဖြေဆို

ကြာအင်းဆိပ်ကြီး ဇွန် ၇ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန် က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြို့လယ်ဓမ္မာရုံ စာစစ်ဌာန၌ ကျင်းပလျက်ရှိကြောင်း သိရသည်။ အဆိုပါအစိုးရပါဠိပထမပြန်စာမေးပွဲကို ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ ပရိယတ္တိစာသင်တိုက် (၈) ကျောင်းမှ စာဖြေသံဃာ(၇၄)ပါး စာရင်းပေးသွင်းထားရှိပြီး ယနေ့ကြွရောက်ဖြေဆိုလျက်ရှိသည့် ရဟန်းရှင်သာမဏေမှာ အခြေပြုမူလတန်း၌ (၂၈)ပါး၊ ပထမငယ်တန်းတွင် (၈)ပါး၊ ပထမလတ်တန်းတွင် (၁၃) ပါး၊ ပထမကြီးတန်းတွင် (၆)ပါး၊ စုစုပေါင်းစာဖြေသံဃာ (၅၅)ပါး ကြွရောက်ဖြေဆိုကာ (၁၉)ပါး ကြွရောက်မဖြေနိုင်ကြောင်း ၎င်းစာစစ်ဌာနတွင် နာယကဆရာတော် (၂)ပါး၊ ထပ်ဆင့်ကြီးကြပ်ရေးနှင့် ကြီးကြပ်ရေးဆရာတော် (၈)ပါးမှ ကြီးကြပ်ဆောင်ရွက်တော်မူ၍ အေးချမ်းစွာဖြေဆိုလျက်ရှိပြီး ၎င်းအစိုးရပါဠိပထမပြန်စာမေးပွဲကို မွန်းတည့်(၁၂)နာရီမှ ညနေ(၃)နာရီအထိ ဇွန်လ(၇)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းစာစစ်ဌာနသို့ ကြွရောက်တော်မူကြသည့် ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာများအား ဆွမ်းဝေယာဝစ္စအဝဝတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဟန် က အနီးကပ်စီမံကြီးကြပ်လျက်ရှိပြီး ဌာနဆိုင်ရာများ အလှူရှင်ဒါယကာ ဒါယိကာမများမှ နေ့စဉ်လှူဒါန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မျိုးမင်းဦး