ပေါင်းတည်မြို့တွင် ၂၀၂၀ ပြည့်နှစ် စာအောင်သံဃာများအား စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ပေါင်းတည် ဇွန် ၇ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကို မင်းလက်ဝဲစေတီ ရင်ပြင်တော် သာသနာ့ဗိမာန်ဓမ္မာရုံကြီး၌ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ သည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆိုရုတ်သိမ်းခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ချစ်နှင်းသုန်(ပြန်/ဆက်)