အောင်လံ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ မြို့နယ်လူငယ်ရေးရာကော်မတီမှ နှာခေါင်းစည်း၊ ဟန်းဂျယ်၊ ဖေ့စ်ကာဘာ၊ ဗီနိုင်းပိုစတာ၊ လက်အိတ်များ လှူဒါန်းခြင်းနှင့် Mask Campaign ဆောင်ရွက်မှုကို ယမန်နေ့ နံနက်(၉)နာရီက မြို့ပေါ် Facility Quarantine Centre၊ ကျေးရွာ ဆေးပေးခန်းနှင့် တိုက်နယ်ဆေးရုံများသို့ သွားရောက်လှူဒါန်းပြီး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် အောင်လံမြို့နယ် လူငယ်ရေးရာကော်မတီမှ ဒုတိယဥက္ကဋ္ဌ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်း၊ အတွင်းရေးမှူး(၁) ဦးကြည်စိုးဟန်၊ အတွင်းရေးမှူး(၂) ဦးစိုးသူရနှင့် အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် အက်ရှင်အေ့ဒ်မြန်မာတို့ ပူးပေါင်း ဖြန့်ဝေသည့် နှာခေါင်းစည်း(၁၈၅၀)ခု၊ လက်သန့်ဆေးရည်(၁၅)ဗူး၊ Face Shield(၁၀၀)ခု၊ ဗီနိုင်းပိုစတာ(၁၇)ခု၊ လက်အိတ်(၁၀)ဗူးတို့ကို ကလုံမော်ဆေးပေးခန်း၊ ညောင်ပင်ဆိပ်ဆေးပေးခန်း၊ ညောင်ပင်ဆိပ်တိုက်နယ်ဆေးရုံ၊ ကသစ်ကန်ဈေး၊ ကျီရပ်ကုန်း အ.ထ.က၊ ပြလို့တိုက်နယ်ဆေးရုံ၊ မြို့ပေါ် Facility Quarantine Centre၊ ရေနံကြီး တိုက်နယ် ဆေးရုံတို့တွင် သွားရောက်ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)