ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုမှ ပြောင်းဖူးစိုက်တောင်သူများ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးဈေး ထိုးကျ

ညောင်ဦး  ဩဂုတ်  ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံသွား ကားလမ်းမကြီးဘေး ဝဲ/ယာတွင်တည်ရှိကာ ဒေသခံကျေးရွာများရှိ တောင်သူများသည် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချခြင်းဖြင့် ပြောင်းဖူးစိုက်ပျိုးခြင်း လုပ်ကိုင်နေကြကာ ယခုလ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ပြောင်းဖူးဈေးနှုန်းကျဆင်းနေခြင်းကြောင့် ရန်ကုန်ပြောင်းဖူးပွဲစားများနှင့်မန္တလေးမြို့မှ ပွဲစားများအား ခခယယရောင်းချနေရကြောင်း ပြောင်းဖူးကိုယ်တိုင် စိုက်ပျိုးရောင်းချသည့် လက်ပံခြေပေါ်ကျေးရွာအုပ်စုမှ ဦးဝင်းတင်က ပြောကြားသည်။

အဆိုပါကျေးရွာအုပ်စုများရှိ ကျေးလက်တောင်သူများသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးများသာစိုက်ပျိုးကြကာ တစ်နှစ်လျှင် လေးကြိမ်အထိ စိုက်ပျိုးကြကြောင်း၊ မြစ်ရေတင်ဖြင့်စိုက်ပျိုးကြသည့် တောင်သူများရှိသလို၊ မြေအောက်ရေတွင်းတူးကာ ရေစုပ်စက်ဖြင့်တင်၍ရေးသွင်းစိုက်ပျိုးကြသည့်တောင်သူများလည်း ရှိကြောင်း၊ သကြားပြောင်းဖူးနှင့် အစီး (စေး) ပြောင်းဖူးနှစ်မျိုးသာ အများဆုံးစိုက်ပျိုးကြပြီး ကြက်တမော့ပြောင်းဖူးလည်းစိုက်ပျိုးကြကြောင်း သိရသည်။ ထွက်ရှိလာသည့် ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင်ပုံထားကာ လမ်းသွား၊ လမ်းလာကားများမှဆင်းဝယ်၍ ရောင်းချရသလို၊ မြင်းခြံ၊ ညောင်ဦး၊ ပခုက္ကူ၊ ပုဂံ၊ ကျောက်ပန်း တောင်းပွဲစားများမှ လာရောက်ဝယ်ယူကြသလို၊ ပလင်းကမ်းသာယာဆင်စခန်းမှလည်း ဆင်စာအတွက် အမြဲဝယ်ယူနေကြောင်း၊ ရန်ကုန်၊ မန္တလေးပြောင်းဖူးပွဲစား များ လာရောက်ဝယ်ယူရာတွင် ကားဖြင့် တစ်ခါလာရောက်ဝယ်ယူလျှင် ပြောင်းဖူးတစ်သောင်းမှ သုံးသောင်းထိအဖူးရေဖြင့် ရောင်းချရကာ ယခုလအတွင်း ပြောင်းဖူးများ လှိုင်လှိုင်ပါ်ချိန် ပြောင်းဖူးတစ်ဖူး ၉၀ ကျပ်ဖြင့် ရောင်းချနေရပြီး ဆယ်ဖူးဈေး (၉၀၀)ကျပ်ဖြင့် ရောင်းချနေရကာ ပြောင်းဖူးဈေးအနိမ့်ဆုံးသို့ ထိုးကျနေ ခြင်းကြောင့် ပြောင်းဖူးများလှိုင်လှိုင်ပေါ်ချိန်စိုက်ပျိုးစရိတ်ပင်မရရှိတော့ကြောင်း ဦးဝင်းတင်ကရှင်းပြသည်။

မိုးရာသီတွင်ပြောင်းဖူးစိုက်လျှင် ရက်(၉၀)ဖြင့် ပြောင်းဖူးရရှိကာ၊ နွေရာသီစိုက်ပျိုးချိန်တွင် (၇၅) ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်း သိရသည်။ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုရှိ ကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုရှိ ပြောင်းဖူးစိုက်တောင်သူများ ပြောင်းဖူးဈေးနှုန်းအနိမ့်ဖြင့် ရောင်းချနေရကြောင်း ပြောင်းဖူးများ အထွက်နှုန်းကောင်းမွန်ပြီး အထွက်များပြားခြင်းကြောင့် ရန်ကုန်၊ မန္တလေး ပြောင်းဖူးပွဲစားများအား ခခယယပင်ခေါ်ယူရောင်းချနေရကြောင်း ပြောင်းဖူးပွဲစားများက ပြောပြ၍ သိရသည်။

ကိုထိန်၊KPD