ရေတာရှည် သြဂုတ် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးဆောင် တောင်သူများ တက်ရောက် သည့် တောင်သူဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အပတ်စဉ် (၁၄) Contact Farmar Training (TOT)ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်က ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က နိုင်ငံ၏လူဦးရေမှာ နှစ်စဉ်တိုးတက် များပြားလျက်ရှိပါကြောင်း ထို့ကြောင့်ပင် စားနပ်ရိက္ခာကြွယ်ဝဖူလုံ ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးရေးမှာ မဖြစ်မနေ ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ရာ ယနေ့သင်တန်းသို့ တက်ရောက်လာကြသော တောင်သူများအနေဖြင့် ကြိုးစားသင်ယူကြရန် လိုအပ်သကဲ့သို့ တတ်မြောက်လာသည့် ပညာနှင့် အတွေ့အကြုံများကို မိမိတို့ရပ်ရွာဒေသများသို့ ပြန်လည်ရောက်ရှိ သည့်အခါ ဒေသအကျိုး အောင်မြင်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ကြရန် လိုအပ်သကဲ့သို့ တောင်သူအချင်းချင်း နည်းပညာများကို လက်ဆင့်ကမ်း မျှဝေပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တောင်ငူခရိုင်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြတ်မင်းထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ ၅ ရက်ကြာ ဖွင့်လှစ်မည့် တောင်သူအကျိုးဆောင် သင်တန်းသို့ ရေတာရှည်၊ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူး၊ ကျောက်ကြီး မြို့နယ်များမှ သင်တန်းသား ၃၀ ဦး တက်ရောက်ကြကြောင်း သိရသည်။
ဆု(ပြန်/ဆက်)