ထန်တလန် ဩဂုတ် ၁၀
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှုများ လျော့နည်းစေရေး ရည်ရွယ်လျက် အသစ် ထုတ်ပြန်ထားသည့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေသစ်များ နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား စတင်အရေး ယူဆောင်ရွက်ခြင်း များကိုယနေ့နံနက် ၈ နာရီအချိန်က ထန်တလန်မြို့ ဗိုလ်ချုပ်လမ်းဆုံတွင် အမှတ်(၁၀၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုရုံး (ထန်တလန်မြို့) မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စတင်အရေးယူ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အမှတ်(၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး (ထန်တလန်မြို့)မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်း ဦးဆောင်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း တပ်ဖွဲ့တို့သည် မော်တော်ဆိုင်ကယ် မောင်းနှင်သူများ ဆိုင်ကယ်စီး ဦးထုပ်များဆောင်း၍ မောင်းနှင်ခြင်း ရှိ/ မရှိနှင့် ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်း၊ နံပါတ်ပြားများ စစ်ဆေးခြင်း၊ နောက်ကြည့်မှန် တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ် အရေအတွက်ထက်ပို၍ စီးနှင်းခြင်းများ စစ်ဆေး၍ အသစ်ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူ စုစုပေါင်း (၂၀)ဦးကို ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောန မြို့နယ်(ပြန်/ဆက်)