လားရှိုး မတ်၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၏ လမ်းညွှန်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိနေသော လားရှိုးမြို့နယ်အတွင်း COVID-19 အဆုတ်ရောင်ကူးစက်ရောဂါ ဖြစ်ပွားလာပါ က သီးသန့် ထားရှိ နိုင်မည့် အဆောက်အဦများ (Quarantine Facility) ကို မတ်လ(၂၅)ရက်နေ့မှ စတင်၍ လားရှိုးမြို့ရှိ အထက(၃)၊ ရပ်ကွက်(၁၂)၌ တည်ရှိသော အုတ်ညှပ် (နှစ်ထပ်) + အုတ်ညှပ် (တစ်ထပ်) (၃၀×၂၄)ပေ အခန်း(၉)ခန်းရှိ နေရာအား လည်းကောင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၁)ရှိ အုတ်ညှပ် (နှစ်ထပ်) ၊ နတလသင်တန်းကျောင်းဆောင်၊ (၁၀၀×၃၀)ပေ အခန်း(၄)ခန်း ပါအား လည်းကောင်း လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ မိုးလုံလေလုံအားကစားကွင်းရှိ အုတ်ညှပ် (တစ်ထပ်) (၂)ဆောင် (၃၀၀×၁၀၀)ပေ (၇၅×၅၀)ပေ အဆောင်အားလည်းကောင်း၊ လားရှိုးမြို့ နေခြည်ကျောင်းဟောင်း ရပ်ကွက်(၁)ရှိ ပုဂ္ဂလိကပိုင် အဆောက်အဦအား လည်းကောင်း စနစ်တကျ အသုံးပြုနိုင်ရေး အတွက် လားရှိုးခရိုင်၊ စီမံခန့်ခွဲမှုကော်မတီနှင့် လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မတ်လ(၂၃)ရက်နေ့က ပြုလုပ်ခဲ့သော ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသော အခမ်းအနား၌ ပြည်နယ်ဒုတိယအုပ်ချုပ်ရးမှူးရုံးသို့ COVID-19 အဆုတ်ရောင်ကူးစက်ရောဂါ ဖြစ်ပွားလာပါက အသုံးပြုနိုင်ရေးအတွက် အလှူရှင်များမှ အလှူငွေများ လှူဒါန်းထားရှိမှုမှာ (၃၁၄)သိန်း(၁)သောင်း လက်ခံရရှိထားဖြစ်နေပြီး၊ လားရှိုးမြို့ အဲဗားရှိုင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးလူရှီး က ငွေကျပ်(၂၀၃)သိန်း လှူဒါန်းထားရှိနေပြီး အလှူငွေများကိုလည်းကောင်း၊ အခြားဆက်စပ် အသုံးပြုရသည့် ပစ္စည်းများ လှူဒါန်းမှုကို လှူဒါန်းနိုင်ကြပြီးလျှင် လက်ခံရရှိသော အလှူငွေ၊ အသုံးပြုရမည့်ပစ္စည်းများ အားလုံးကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးရုံး အလှူငွေလက်ခံဌာန ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
ဟန်ဌေး(လားရှိုး)