ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာနှင့် ဒေသချင်းဘာသာစကားနှစ်မျိုးဖြင့် လှည့်လည်အသိပေး

ရိခေါ်ဒါရ် မတ်    ၂၆

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လတ်တလောဖြစ်ပေါ် ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက် များကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ရောဂါကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မတ်လ ၂၅ ရက်စွဲဖြင့် ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်ကို မြန်မာဘာသာနှင့် ဒေသချင်းဘာသာစကား နှစ်မျိုးဖြင့် ထုတ်ပြန်ပြီး အဆိုပါ အသိပညာပေးခြင်း ကို ရပ်ကွက်အတွင်း လှည့်လည်အသိပညာပေးဆော်သြခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူအသိပညာပေးထုတ်ပြန်ချက်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာနှင့် ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး အလေးထားလိုက်နာကျင့်သုံးရန် လိုအပ်သည့် မိမိနှင့် မိမိပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာများ၊ မလိုအပ်ဘဲ အပြင်ထွက်ခြင်းမပြုရေးနှင့် မိမိနေအိမ်အတွင်း ၌သာ နေထိုင်ရေး၊ လူစုလူဝေးနှင့်ကျင်းပသည့်ကိစ္စရပ်များ မပြုလုပ်ရေး၊ နှာစေး၊ ချောင်းဆိုးခြင်း ဖြစ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးပေးခန်းများသို့ အမြန်ဆုံးပြသရေး၊ လက်ကို ဆပ်ပြာ၊ လက်ဆေး ရည် တို့ဖြင့် မကြာခဏ စနစ်တကျဆေးကြောရေး၊ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဌာနများသို့ ချက်ချင်း သတင်းပေးပို့ရေးနှင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်များကို တိကျစွာလိုက်နာရေး စသည့်အချက်များပါဝင်ပြီး  မြန်မာဘာသာနှင့် ဒေသချင်းဘာသာစကားနှစ်မျိုးဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်အပေါ် ရပ်ကွက် (၂)ခုရှိ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်းသို့ မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် လှည့်လည်ကာ မြန်မာဘာသာနှင့် ဒေသချင်းဘာသာစကား နှစ်မျိုးဖြင့် လှည့်လည်အသိပညာပေး ဆော်သြခဲ့ကြောင်း သိရသည်။

ပက်ကာ (ပြန်/ဆက်)