ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိုးညှင်းမြို့မဈေးကြီးအပါအဝင် ဘူတာရုံနှင့် စောင့်ကြည့်လူနာထားရှိရန်နေရာများကို ပိုးသတ်ဆေးဖြန်းခြင်းဆောင်ရွက်

မိုးညှင်း မတ် ၃၁

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ယခုအချိန်၌ တစ်ကမ္ဘာလုံးအတိုင်း အတာအရ ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အဆိုပါရာဂါဖြစ်ပွားသည့် လူနာများတွေ့ရှိခဲ့သဖြင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကို အလေးပေးဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်း ခရိုင်၊ မိုးညှင်းမြို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိုးညှင်းမြို့မဈေးကြီး အပါအဝင် ဘူတာရုံနှင့် စောင့်ကြည့်လူနာထားရှိရန်နေရာများကို ယမန်နေ့က ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးနှင့် မီးသတ်ကား(၂)စီးဖြင့် စောင့်ကြည့်လူနာ(၅၀)ဦး ထားရှိရန် စီမံဆောင်ရွက်ထားသည့် ပုညရှင်စက္ခုပါလဆေးရုံ၊ မီးရထားဘူတာရုံတို့တွင်လည်းကောင်း ညနေ(၅)နာရီ အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် အလုပ်သမားများ ပူးပေါင်းပါဝင်မှုဖြင့် မိုးညှင်းမြို့မဈေးကြီးကိုလည်းကောင်း ရေဖြင့်သန့်ရှင်းရေးဆောင်ရွက်ပြီး ပိုးသတ်ဆေးဖျန်းပေးခဲ့ကြသည်။

မိုးညှင်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မော်တော်ကား၊ မီးရထားများဖြင့် မြို့နယ်အတွင်း ဝင်ရောက်လာကြသည့် ခရီးသွား များနှင့် နေရပ်ပြန်ပြည်သူများအား ကိုယ်အပူချိန်စစ်ဆေးပေးခြင်း၊ နေရပ်လိပ်စာအတိအကျ ကောက်ယူ ခြင်း၊ ခရီးသွားရာဇဝင်များ စနစ်တကျမှတ်တမ်းတင်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကိုလည်း မြို့အဝင်နေရာများနှင့် မီးရထား၊ မော်တော်ကားဂိတ်များတွင် ပူးပေါင်းအဖွဲ့ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)