နောင်တရား မတ် ၃၁
ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားနေသည့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ အ.ထ.ကကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ခေတ္တကျန်းမာရေးစောင့်ရှောက်မှု စင်တာ၌ ယမန်နေ့ညနေပိုင်းတွင် COVID-19 ရောဂါ ဖြစ်ပွားမှု မရှိစေရေး ကျောင်း၊ လမ်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ခေတ္တကျန်းမာရေးစင်တာတွင် မတ်လ ၃၀ ရက်နေ့ညနေပိုင်းအထိ ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူ(၃၉)ဦးထိ ရှိနေပြီး ကျန်းမာရေးအခြေများကို Quarantine (၁၄)ရက် စောင့်ကြည့်လျက် ရှိသည်။ COVID-19 ရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံလူထုများက အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။ ရပ်ကွက်ကျေးရွာများတွင်လည်း အသံချဲ့စက်များဖြင့် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး ဆော်သြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်း ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ခေတ္တကျန်းမာရေးစင်တာတွင် စောင်ကြည့်လူနာ မရှိသေးကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)