မိုးညှင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်

မိုးညှင်း မတ် ၃၁

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် COVID-19 ရောဂါသည် ယခုအချိန်၌ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အဆိုပါ ရောဂါဖြစ်ပွားသည့် လူနာများ တွေ့ရှိခဲ့သဖြင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးကို အလေးပေး ဆောင်ရွက်လျက်ရှိပြီး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် ယနေ့နံနက်ပိုင်းတွင် လစာလာရောက် ထုတ်ယူသူများအား ကိုယ်အပူချိန်စစ်ဆေးပေးခြင်းနှင့် လက်ဆေးခြင်းများ ဆောင်ရွက်စေလျက် ရှိကြောင်း သိရသည်။

လကုန်ရက်လစာ လာရောက်ထုတ်ယူကြမည့် တပ်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ လစာထုတ်ရာတွင် အဆင်ပြေ ချောမွေ့စေရေးနှင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်စေရန် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်လမ်းညွှန် ဆောင်ရွက်ပေးလျက် ရှိသည်။

မြို့နယ်မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ယခုလို ဆောင်ရွက်ပေးမှုအပြင် ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် ကိုယ်အပူချိန်စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းများကိုလည်း လစဉ် ၂၁ရက်နေ့မှ စ၍ အစိုးရရုံး ဖွင့်ရက်များတွင် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လူအများစုဝေးရာ နေရာများဖြစ်သည့် မီးရထားဘူတာရုံများ၊ ဈေးများ၊ ဆေးရုံများနှင့် မော်တော်ကားဂိတ်များတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ မြို့နယ်အတွင်း မော်တော်ယာဉ်များ မီးရထားများဖြင့် ခရီးသွားလာကြသည့် ခရီးသည်များအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ စောင့်ကြည့်လူနာများ ထားရှိရန်နေရာများကို ပိုးသတ်ဆေးပက်ဖြန်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)