နာဂဒေသ၊ နန်းယွန်းမြို့တွင် ပျိုးပင်၊မျိုးစေ့၊ မျိုးစေ့ချကိရိယာပေးအပ်ပွဲနှင့် စိုက်ပျိုးရေးနည်းပညာပေး သင်တန်းဖွင့်ပွဲ ကျင်းပ

နန်းယွန်း ဇူလိုင် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ပျိုးပင်၊မျိုးစေ့၊ မျိုးစေ့ချ ကိရိယာပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းပညာပေးသင်တန်း ဖွင့်ပွဲကို ဇူလိုင် (၆)ရက်နေ့ နံနက် ၁၀ နာရီ ချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှဝင်းအောင်ကအဖွင့်အမှာ  စကားပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က ဆွေးနွေးပြောကြားရာတွင် ရွှေ့ပြောင်း တောင်ယာမှ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ခင်းများပေါ် ထွက်လာစေရန်နှင့်နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းအားဖြင့်   ဒေသခံတောင်သူများဝင်ငွေ စဉ်ဆက်မပျက်ရရှိလာစေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံဖြိုးတိုးတက်ရေးစီမံကိန်း(NBADP) ဆောင်ရွက်မှု အခြေအနေ၊ ပျိုးပင်၊မျိုးစေ့နှင့် မျိုးစေ့ချကိရိယာများ ဖြန့်ဝေပေးခြင်းစသည့် အချက်အလက်များကို ရှင်းလင်း ဆွေးနွေးပေးခဲ့​ကြောင်း သိရသည်။

 

 

ပျိုးပင်၊ မျိုးစေ့၊ မျိုးစေ့ချကိရိယာပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းပညာပေး သင်တန်းအခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ တက်​ရောက်ကြပြီး မြို့ပေါ်ရပ်ကွက်အတွင်း ရှိတောင်သူများ ထံသို့ နှစ်ရှည်ပင်များဖြစ်သည့် ကော်ဖီမျိုးစေ့၊ ကော်ဖီပျိုးပင်၊ သရက်ပျိုးပင်၊ လက်ဖက်ပျိုးပင်၊ မိုးစပါးမျိုးစေ့၊ ဟင်းသီးဟင်းရွက်မျိုးစေ့ ထုပ်များ၊ မျိုးစေ့ချ ကိရိယာများတို့ကို သက်ဆိုင်ရာ ရပ်ကွက်အလိုက်ပံ့ပိုးပေး အပ်ခဲ့ကြောင်းသိရသည်။

 

 

ထိုသို့ နှစ်ရှည်ပျိုးပင် ရာသီသီးနှံမျိုးစေ့များနှင့် မျိုးစေ့ချ ကိရိယာများကို တာဝန်ရှိသူတို့က သက်ဆိုင်ရာ အသီးသီးထံသို့ မိုးစပါး(၆)အိတ်၊ အစေ့ထုတ်ပြောင်း(၁၇)ကီလို၊ ကော်ဖီ(၁၀)ကီလို၊ ဟင်းသီး ဟင်းရွက် ထုပ် (၅၀၀)ထုပ်၊ လက်ဖက်(၇၁၀၀)ပင်၊ ကော်ဖီ(၁၉၅၀)ပင်၊ မြောက်ငို(၆၅၀)ပင်၊ သရက်(၁၀၀)ပင်၊ မက်မန်း(၂၀၀)ပင်၊ မက်ကာဆေးဗီးယား(၅၀)ပင်၊ ထောပတ်(၅၀)ပင်နှင့် မျိုးစေ့ချ ကိရိယာ (၄)ခု တို့အားပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ပေးအပ်ပွဲအခမ်းအနားပြီး မြှောက်ပြီးနောက် စိုက်ပျိုးရေးနည်း ပညာပေးသင်တန်းကို မွန်းလွှဲ ၁ နာရီမှ စတင်၍ ညနေပိုင်း ၄ နာရီအထိ တောင်သူ(၃၀)ဦးတို့အား စိုက်ပျိုးနည်းစနစ်၊ ထုတ်လုပ်ခြင်း နည်းပညာများကို သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်ထံမှ သိရသည်။

 

 

ဟန်ကမ်း(နန်းယွန်း)