မတူပီ မတ် ၃၁
ချင်းပြည်နယ်၊ မတူပီမြို့သို့ ပြည်ပနိုင်ငံများမှ ရောက်ရှိလာသူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်ပပြန်လာသူများနှင့် စောင့်ကြည့်လူနာများ ထားရှိရန်အတွက် မတူပီမြို့၊ အထက(၁) ကျောင်း၌ လူဦးရေ(၂၀)ဦးအတွက် နေရာကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပြည်ပနိုင်ငံများမှ မတူပီမြို့သို့ ရောက်ရှိလာသူ စုစုပေါင်း(၂၈)ဦးကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ/မရှိ (၁၄)ရက်ကြာ စောင့်ကြည့်လျက်ရှိရာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မတူပီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မတူပီ မြို့၊ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“မတူပီမြို့ကို ရောက်ရှိလာတဲ့ ပြည်ပပြန်လာသူတွေကိုလည်း မတူပီမြို့၊ ပြည်သူ့ဆေးရုံမှာ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို စနစ်တစ်ကျပြုလုပ်ပြီးမှ ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ မိမိနေအိမ် တွေမှာသာ နေထိုင်ပြီး အပြင်မထွက်ရန် ညွှန်ကြားထားပါတယ်၊ ပြည်ပပြန်လာသူ စုစုပေါင်း(၂၈) ယောက်စလုံးက ဖျားနာခြင်းမရှိ၊ ကျန်းမာရေးကောင်းမွန်လျက်ရှိပါတယ်။ မတူပီမြို့မှာလည်း ကြိုတင် ကာကွယ်မှုတွေကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ အရှိန်အဟုန် မပျက်လုပ်ဆောင်နေပါတယ်၊ ပြည်ပနိုင်ငံ တွေကနေ ထပ်မံရောက်ရှိလာမယ့် ပြည်ပပြန်လာသူတွေကို စောင့်ကြည့်ကြပ်မတ်ရန်အတွက် ကြိုတင် ပြင်ဆင်မှုတွေကိုလည်း မတူပီမြို့၊ အထက(၁)ကျောင်းရှိ (၃)ထပ်ဆောင်မှာ ဆက်လက် ဆောင်ရွက် ထားပါတယ်” လို့ မတူပီမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ပြည်ပပြန်လာသူများ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ပုံကို ပြောကြားသည်။
“မတူပီမြို့၊ အထက(၁)မှာ ပြည်ပပြန်လာသူတွေနှင့် စောင့်ကြည့်လူနာတွေအတွက် အခန်းတစ်ခန်းမှာ (၅)ယောက်နှုန်းနဲ့ စုစုပေါင်းအယောက်(၂၀)အတွက် ကြိုတင်ပြင်ဆင်ထားပါတယ်၊ စောင့်ကြည့်လူနာ တွေရှိလာခဲ့ရင် ကျန်းမာရေး ဝန်ထမ်း တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြီးတော့ စနစ်တစ်ကျနဲ့ အလှည့်ကျတာဝန်ချထားမယ်၊ လိုက်နာရမယ့် စည်းကမ်းတွေ ပိုးသတ်ဆေးတွေလည်း ပက်ဖျန်းထားပါတယ်။ စောင့်ကြည့် လူနာထားတဲ့ နေရာဖြစ်တဲ့အတွက် မိသားစုဝင်တွေ၊ အပြင်လူတွေ ဝင်/ထွက်သွားလာခွင့်ကိုလည်း တားမြစ်ထားပါတယ်” လို့ မတူပီမြို့နယ် တာဝန်ခံ ဒေါက်တာသစ်လွင်သိမ်းက စောင့်ကြည့်လူနာများ ရှိလာပါက ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပုံကို ပြောကြားသည်။
မတူပီမြို့၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနနှင့် ရပ်ကွက်ချုပ်ရေးမှူးတို့ ဝိုင်းဝန်းပူးပေါင်း၍ ပြည်မဘက်မှ မတူပီမြို့သို့ ရောက်ရှိလာသည့် ခရီသည်များကို ကျန်းမာရေးစစ်ဆေးခြင်း၊ ပြည်ပပြန်လာသူ များကို စနစ်တစ်ကျစောင့်ကြည့်ခြင်း၊ အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် လိုအပ်သည့် ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်လျက်ရှိသည်။ မတူပီမြို့သို့ ရောက်ရှိလာသည့် ပြည်ပပြန်လာသူ များကို မိမိနေအိမ်မှ အပြင်မထွက်ကြရန် ညွှန်ကြားထားပြီး ပြည်ပပြန်လာသူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များကို လိုက်နာဖို့လိုအပ်ပါသည်။ မတူပီမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာခြင်းမရှိစေရေးအတွက် ပြည်သူလူထုများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်းလုပ်ဆောင်မှုများကို ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ပေးရန်လိုအပ်ပြီး လက်ရှိတွင် ချင်းပြည်နယ်၊ မတူပီမြို့၌ သံသရှိလူနာမရှိ သေးကြောင်း မတူပီမြို့၊ ကျန်းမာရေးဌာနမှ သိရှိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)